မွေးမြူရေးတိရစ္ဆာန် ပြပွဲပြိုင်ပွဲ-၂၀၂၂ ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်

နေပြည်တော်   ဇန်နဝါရီ   ၂၆

 

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်၊ ပုဗ္ပသီရီမြို့နယ်၊ စက်စက်ယိုကွင်း၌ ကျင်းပမည့် မွေးမြူရေးတိရစ္ဆာန် ပြပွဲပြိုင်ပွဲ-၂၀၂၂ ကျင်းပရေး အကြိုပြင်ဆင်မှုများကို ဇန်နဝါရီ ၂၄ ရက်က ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည်။

 

တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးစေခြင်းဖြင့် အသားစား နွား၊ နို့စားနွား၊ သိုး၊ ဆိတ် မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ တိုးတက်ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းစားသုံးမှု အတွက် အသား၊ နို့ နှင့် နို့ထွက် ပစ္စည်းများ ဖူလုံစေပြီး မွေးမြူရေးထွက် ကုန်ကြမ်းကုန်ချောများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရန်၊ မွေးမြူရေးသမား အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက် ကျယ်ပြန့် လာစေခြင်းဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ထုတ်လုပ်မှု ကောင်းမွန်သော အသားစား နွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကို ဖော်ထုတ်၍ မျိုးထိန်း မျိုးပွား မျိုးမြှင့် လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပမည့် အဆိုပါ ပြပွဲ ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်