မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော်      ဇူလိုင်       ၂၂

မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၁ ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ ဥက္ကဋ္ဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်တွင်းထုတ်လုပ် မှတ်ပုံတင်လျှောက်ထားခဲ့ကြသည့် ကုမ္ပဏီ ၂၅ ခု၏ ထုတ်လုပ် စက်ရုံများ တည်ဆောက်ပြီးစီးမှု၊ စက်များတပ်ဆင်ထားမှု၊ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ထုတ်လုပ်သည့် နည်းစနစ်များကိုလည်းကောင်း၊ သိုလှောင်လိုင်စင် လျှောက်ထားလာသော ကုမ္ပဏီ ၁၁ ခု၏ သိုလှောင်ရုံ ၁၁ ခု တည်ဆောက်ပြီးစီးမှု ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စစ်ဆေးရေးအဖွဲ့များ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ထုတ်လုပ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေးနှင့် သိုလှောင်လိုင်စင်များ ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

မှတ်ပုံတင်လျှောက်ထားလာသော မြေဩဇာများကို မြေဩဇာကော်မတီက ခွင့်ပြုမှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် နည်းပညာရပ်ဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က တာဝန်ယူ၍ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သော လုပ်ငန်းအဖွဲ့များ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်တွေ့ရှိချက်များကို မြေဩဇာများကို မြေဩဇာကော်မတီ အစည်းအဝေးသို့ ဆက်လက်တင်ပြပြီး မှတ်ပုံတင် ထုတ်ပေးနိုင်ရေး သုံးသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြေဩဇာမှတ်ပုံတင်လျှောက်ထားခြင်း၊ သိုလှောင်လိုင်စင် လျှောက်ထားခြင်းတို့ကို Online စနစ်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လူချင်းထိတွေ့မှုမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် အားသာချက်များဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ သိုလှောင်လိုင်စင် ထုတ်ပေးခြင်းနှင့် တင်သွင်းခွင့် ထောက်ခံချက်ပေးခြင်း လုပ်ငန်းများကိုလည်း အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်