၁။ မြေပြိုဘေးအန္တရာယ်သည် ဇွန်လမှ ဩဂုတ်လများတွင် အဖြစ်များပြီး ကျန်ကာလများတွင်လည်း ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြေပြိုဘေးသည် ပစ္စည်းဥစ္စာဆုံးရှုံးမှု အလွန်နည်းပါးသော်လည်း လူသေဆုံးမှု၊ ထိခိုက်/ ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။
၂။ ယခုနောက်ပိုင်းတွင် မြေပြိုဘေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် မြေပြိုဘေးဖြစ်ပွားမှုအကြိမ်ရေ (၂၆) ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၃၆) လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး (၄၄) ဦး၊ ထိခိုက်/ ဒဏ်ရာရရှိသူ(၁၂) ဦး ရှိခဲ့ပါသည်။
၃။    သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မြေပြိုဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၄။ ပြည်သူများအနေဖြင့် မြေပြိုခြင်းမဖြစ်မီ အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) မိမိပတ်ဝန်းကျင်ရှိ ဆင်ခြေလျှောများ၊ ချောင်းစပ်ရေစပ်များတွင် မြေဆီလွှာထိန်းသိမ်း ကာကွယ်ရန် သစ်ပင်များစိုက်ပျိုးပါ၊
(ခ) မြေထိန်းနံရံများ တည်ဆောက်ထိန်းသိမ်းမှုများတွင် မိမိတတ်စွမ်းသရွေ့ပါဝင်ပါ၊
(ဂ) ရွှေ့ပြောင်းတောင်ယာစနစ်အစား လှေကားထစ် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးပါ၊
(ဃ) သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အစိုးရရပ်ရွာ လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါ၊
(င) တောင်ကုန်းတောင်စောင်းတွင် နေထိုင်သူများအနေဖြင့် မိမိအိမ်ဝန်းကျင်ရှိ မြေပြိုမှုဘေးအန္တရာယ်ဖြစ်နိုင်ခြေနှင့် အိမ်၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပါ၊
(စ) မြေပြိုမှု၊ တောင်ပြိုမှု ဖြစ်ပွားလေ့ရှိသော နေရာများကို ကြိုတင်လေ့လာထားပါ။ မြေပြိုမှုဘေးအန္တရာယ်သတိပေးဆိုင်းဘုတ်များ၊ အမှတ်အသားများကို သတိပြုပါ၊
(ဆ) မြေပြိုနိုင်သောနေရာများ (မတ်စောက်သော တောင်စောင်းများ၊ မြေပျော့သောနေရာ များ၊ ရေဝပ်သောနေရာများ) တောင်စွယ်ရေစီးရာလမ်းကြောင်း မိုးရေတိုက်စားသော လျှိုအနီးတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းမပြုရ။

(ဇ) မြေပြိုမည့်ရှေ့ပြေးလက္ခဏာများဖြစ်သည့်-
- မိမိတို့၏ နေအိမ်တံခါးများ ဖွင့်ပိတ်ရာတွင် ကျပ်လာခြင်း၊
- အိမ်၏ အုတ်နံရံများ အက်လာခြင်း၊
-ခြံစည်းရိုးများ နေရာရွေ့လာခြင်း၊
-သစ်ပင်များ နေရာရွေ့ခြင်း၊ စောင်းလာခြင်း၊
-မြေများအက်ကွဲခြင်း စသည်တို့ကို သတိပြုမိပါက အမြန်ရွှေ့ပြောင်းရန် လိုအပ်ပါသည်။
(ဈ) မြေပြိုတတ်သော နေရာများတွင် နေထိုင်သူဖြစ်ပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်တို့ကို ကြိုတင်သတ်မှတ်ထားပါ၊
(ည) တောင်စောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် မိမိတို့ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းကြောင့် မြေပြိုခြင်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုပါ။
၅။ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်-
(က) မြေပြိုကျမှုဖြစ်နေသော နေရာများအနီးသို့ မလိုအပ်ဘဲ မသွားပါနှင့်၊
(ခ) မြေပြိုကျမှုဖြစ်နေသော နေရာများတွင်ရောက်နေပါက တတ်နိုင်သမျှ အမြန်ဆုံးဘေး လွတ်ကင်းရာသို့ ပြေးပါ။ အမြန်ဆုံး မရှောင်ခွာနိုင်ပါက နီးစပ်ရာခိုင်ခံ့သော နေရာ/ အဆောက်အအုံများတွင် ခိုလှုံပါ။ မြေပြိုမှုဖြစ်နေသော နေရာအနီးသို့လာသည့်     လူနှင့် ယာဉ်များအား အသိပေးပါ။
၆။ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာကြရန် လိုအပ်ပါသည်-
(က) မြေပြိုထားသော ပတ်ဝန်းကျင်၊ အဆောက်အအုံများ၊ လျှပ်စစ်မီးကြိုးနှင့် ဝေးဝေးနေပါ၊ မြေပြိုခြင်းဒဏ်ခံရသော နေအိမ်အဆောက်အအုံများအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှသာလျှင် ဝင်ရောက်နေထိုင်ပါ၊
(ခ) မြေပြိုမှုကြောင့် ဒဏ်ရာရသူ ပိတ်မိနေသူများရှိပါက ကယ်ဆယ်ရေးအဖွဲ့သို့ ချက်ချင်းအကြောင်းကြားပြီး လိုအပ်သော အကူအညီများပေးပါ၊
(ဂ) မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားပါ။
(ဃ) မြေပြိုခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော ရေလွှမ်းမိုးမှု၊ ရွှံ့နုန်းမြေများ၊ မြေသားအစိုင်အခဲများ ပြိုကျစီးဆင်းလာနိုင်မှုတို့အား အထူးသတိပြုနေထိုင်ပါ၊
(င)    မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်၊
(စ) မြေပြိုထားသောနေရာများ၌ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ၊ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ၊
(ဆ)    ကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများစသည့် အကူအညီလိုအပ်သူများကို တတ်စွမ်းသရွေ့ ပေါင်းစပ်ကူညီပေးပါ။
၇။ သဘာဝဘေးအန္တရာယ်များနှင် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီဖွင့်လှစ်ထားရှိသည့် Hot-Lineဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာ အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန