မြေပြိုမှုကြောင့် သေဆုံးခဲ့သူ ၄၂ ဦး၏ မိသားစုဝင်များကို ကင်မရွန်းသမ္မတ ဝမ်းနည်းကြောင်း ပြောကြား

၃၀ အောက်တိုဘာ

 

 

ကင်မရွန်းသမ္မတ ပေါလ်ဘီယာက ကင်မရွန်းနိုင်ငံ အနောက်ပိုင်းဒေသ ဘာဖို့ဆမ် မြို့တော်တွင် မြေပြိုမှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 

1

 

 

အာဏာပိုင်များ၏ ပြောကြားချက်အရ မြေပြိုမှုကြောင့် သေဆုံးသူပေါင်း ၄၂ ဦးထိ ရှိပြီဖြစ်ကြောင်း၊ လေးဦးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများဖြစ်ပြီး ၂၆ ဦးမှာ ကလေးများဖြစ်ကြောင်းနှင့် အများစုမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

 

ပြီးခဲ့သည့် တနင်္လာနေ့ည ၁၀ နာရီက ရပ်ကွက်လေးခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေတစ်ဒါဇင်မှာ မြေမြှုပ်သွားခဲ့သည်။

 

 

အဆိုပါ မြေပြိုမှုဖြစ်ပွားသည့် လူတစ်ရာကျော် ခြေချနေထိုင်ရာ ရပ်ကွက်ရှိ အုတ်အကျိုးအပဲ့အောက်တွင် ပိတ်မိနေသော လူအများအပြား ရှိနေသေးသဖြင့် စိုးရိမ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ထိုအပျက်အစီးအောက်မှ အသက်ရှင်လျက် တွေ့ရှိသူ တစ်ဦးတည်းသာ ဆေးရုံတွင် ကုသမှု ခံယူနေသည်ဟု ထိုဒေသအုပ်ချုပ်ရေးမှူး ဩဂတ်စတင်းအဝါဖွန်ကာက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ယင်းမြေပြိုမှု ဒဏ်ခံစားရသူများကို ချက်ချင်းအကူအညီပေးရန် အစိုးရက ငွေကြေးများ ထုတ်ပေးထားကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

 

 

အင်္ဂါနေ့နှောင်းပိုင်းက မိုးများထပ်မံကာ စတင်ရွာသွန်းလာခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်နားခဲ့ရသည်။

 

 

ကင်မရွန်းအနောက်ပိုင်း ဒေသတွင် အောက်တိုဘာလ တစ်လျှောက်လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ အချို့ဒေသများတွင် မိုးရေချိန် ၁၄၅ မီလီမီတာ အထိရှိကြောင်း ရာသီဉတု ခန့်မှန်းချက်များအရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို