မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင်  နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကောက် ယူရရှိသောလူဦးရေစာရင်းအချက်အလက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်စိစစ် ဆောင် ရွက်နေသည့်ကာလဖြစ်ကြောင်း။

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် ပတ်သက် ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software တွင် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စု လူဦး ရေစာရင်းစုစုပေါင်း (၁၃ ဒဿမ ၅) သန်းကျော်ရှိရာ ယခုမြေပြင်ကွင်းဆင်း၍ လက်ရှိ အိမ်ထောင်စုပုံစံဖြင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု (၁၁ ဒဿမ ၇)သန်းကျော်၊ အခြားဒေသမှ အိမ်ထောင်စု စာရင်းသာရှိသူများ၊ လက်ရှိအိမ်ထောင်စုစာရင်းမရှိသူများ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ သည့် အိမ်ထောင်စု (၂ ဒဿမ ၈)သန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်းနှင့် လုပ်ငန်းဆောင် ရွက် ပြီးစီးမှုပမာဏ (၈၆ ဒဿမ ၇)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ကြောင်း၊ အိမ်ထောင်စု (၁)သန်း (၇)သိန်းကျော် ကောက်ယူရန်ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း။

သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများတွင် စာရင်းရေးသွင်း ပြုစုပြီးဖြစ်သည့် e-ID Software နှင့် ချိတ်ဆက်ကာ မြေပြင် နှင့်ကွဲလွဲနေသည့် အချက်အလက်များ ဖြည့်သွင်း ပြင်ဆင်သည့်လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း၊ ထို့ပြင် လူဦးရေစာရင်းနှင့်အတူ ကောက်ယူခဲ့သည့် မသန်စွမ်း(၅)မျိုးစာရင်းကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ သက်ဆိုင်ရာခရိုင် ဦးစီးမှူးရုံးများသို့လွှဲ ပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။ 

ဆောင်ရွက်ပြီးစီးသည့် စာရင်းဇယား၊ အချက်အလက်များအပေါ် မူတည်၍ မဲပေးရန် အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပေးပို့ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် စာရင်းကောက်ယူရန်ကျန်ရှိ နေသည့်ဒေသများသို့ လိုအပ်သည့်လုံခြုံရေးနှင့်အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းကာ နည်းလမ်းမျိုးစုံအသုံးပြု၍ ဆက်လက်ကွင်းဆင်းကောက် ယူနိုင်ရေးနှင့် မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လူဦးရေစာရင်း များ ထုတ်ပြန်နိုင်သည်အထိ ပြီးမြောက်အောင်မြင်စေရေး ဦးဆောင်မှုပေး၍ အနီးကပ် ကြီးကြပ်ကွပ်ကဲစီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်း ကောက်ယူသွားမည့် အစီအစဉ်များ၊ လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍  ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများကညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြပြီး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်းစဉ်