မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

မြေပုံ မေ ၁၂

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးအတွက် နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွဋ်ခေါင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းလျက် ပြည်သူများနှင့် ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးကို မေ ၁၂ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

 

မြေပုံမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် မြစ်ကမ်းဘေးနေ သဲတန်း၊ ဈေးပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းရပ်များနှင့် အငူ၊ အုန်းတော ကျေးရွာတို့မှ ပြည်သူများအား ဘေးလွတ်သည့် ခိုလှုံရွှေ့ပြောင်းရာ နေရာများသို့ ညနေပိုင်းအတွင် အပြီးပြောင်းရွှေ့ခဲ့သည်။

 

အဆိုပါ ပြောင်းရွှေ့နေထိုင်ကြသော မြေပုံမြို့နယ်မှ ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ် ၂၀၀၊ ဆီ ပိဿာ ၅၀၀၊ ဆား ပိဿာ ၂၅၀နှင့် ငပိ ၅၀ ပိဿာတို့ကို စုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ အိမ်ထောင်စု ၂၀၀ အတွက် ပစ္စည်း ၁၇ မျိုးပါ Family Kit ၂၀၀ တလုံးနှင့် ခေါက်ဆွဲခြောက် အထုတ်ငယ်(၃၀၀၀)ထုတ် အသင့်စုဆောင်းထားရှိကာ မြို့နယ်လူမှုရေးအသင်းအဖွဲ့များမှ ကူညီ ဆောင်ရွက်ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။ 

 

တင်ဝင်း
မြို့နယ်(ပြန်/ဆက်)