မွေးရပ်မြေနှင့် မြန်မာနိုင်ငံအနှံ့အပြား အနားယူအပန်းဖြေလည်ပတ်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ရင်တွင်းစကားသံများ

နေပြည်တော် ၁၂ ဧပြီ

 

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်သူများ ရှိသကဲ့သို့ မိမိတို့၏ သက်ဆိုင်ရာ မွေးရပ်ဒေသများနှင့် မြန်မာနိုင်ငံအနှံ့အပြား သွားရောက်အနားယူလည်ပတ်ကြမည့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများလည်းရှိရာ ထိုသို့ အနယ်နယ် အရပ်ရပ်မှ အနားယူအပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသို့သွားရောက်၍ ၄င်းတို့၏ ရင်တွင်းခံစားချက်များကို မျှဝေရေးသား တင်ပြလိုက်ရပါသည်။

 

1

 

ဒေါ်ဝင့်သူသူထွန်း (ရန်ကုန်မြို့)

           

သင်္ကြန်ပိတ်ရက်မှာ ပြင်ဦးလွင်မြို့ကိုသွားပြီး အနားယူအပန်းဖြေမှာ ဖြစ်ပါတယ်။ သင်္ကြန်အကြတ်နေ့ကျရင် ပြင်ဦးလွင်ကနေ မန္တလေးကို ဆက်သွားမှာပါ။ ပြင်ဦးလွင် မှာတော့ ဘုရားတွေ အနှံ့လျှောက်ဖူးပါမယ်။ နှစ် ဆန်းတစ်ရက်နေ့မှာ ဘုရားတွေဖူးပြီး ရန်ကုန်ပြန်လာမှာ ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်းခရီး မသွားဖြစ်ပါဘူး။ ဒီနှစ်ကတော့ ပြင်ဦးလွင်ကို သွားချင်တဲ့စိတ်ရယ် မန္တလေးက  ကျောက်စိမ်းဘုရား ဖူးချင်တဲ့အတွက် ရောက်အောင် လာဖြစ်တာပါ။ နှစ်သစ်မှာ အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေး ချင်ပါတယ်။

 

1

 

ဒေါ်အိရွှေဇင် (ကျောင်းဆရာမ)

           

ဒီနှစ်သင်္ကြန်ကတော့ အမေတို့ရှိတဲ့ နေပြည်တော်ကို သွားတာပါ။ သင်္ကြန်မှာတော့ တောင်ကြီးနဲ့ ကယားပြည်နယ်ဘက်တွေ အမြဲတမ်းခရီးထွက်ဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ လမ်းတွေကလည်း ကျပ်နေတော့ နေပြည်တော်ရောက်မှ ထပ်စီစဉ် ဖြစ်ပါမယ်။ နေပြည်တော်ရောက်ရင်တော့ လတ်တလော စီစဉ်ထားတာ Skynet မဏ္ဍပ်တော့ ခဏသွားဖြစ်မယ်။ အမေတို့က နေပြည်တော်မှာနေပြီး ကျွန်မက ရန်ကုန်မှာ နေတဲ့အတွက် ကျောင်းပိတ်ရက်ပဲ မိသားစုနဲ့ လည်ပတ်ခွင့်ရတာပါ။ နေပြည်တော်မှာ လည်းဘုရားတွေ စုံတဲ့အတွက် မနှစ်ကတော့ ဘုရားတွေ သွားရောက်ဖူးမြော်ပြီး ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်တွေ လှူဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဘုန်းကြီးကျောင်းတွေကို ဆွမ်းချိုင့်ပို့ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ မိသားစုနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖြစ်မှာပါ။ ရေပက်ခံထွက်ဖို့တော့ အစီအစဉ်မရှိပါဘူး။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ၂၀၁၉ ခုနှစ်မှာ မိသားစုတွေအားလုံး စိတ်ငြိမ်းချမ်းသာကိုယ်ငြိမ်းချမ်းသာ လိုအင်ဆန္ဒနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။

 

1

 

ကိုဆက်ညီဆက်(ကျောင်းသား)

           

ကျွန်တော်က ရန်ကုန်မှာ ကျောင်းတက်နေတာပါ။ မွေးရပ်မြေဖြစ်တဲ့ မန္တလေးကို ပြန်မှာဖြစ်ပါတယ်။  သင်္ကြန်ပြီးရင်တော့ ကျောင်းသွားတက်ရတော့မှာဖြစ်လို့ မိဘဆီ ခဏပြန်တာဖြစ်ပါတယ်။  သင်္ကြန်တွင်းမှာ ရေပက်ခံထွက် လျှောက်လည်ဖို့ အစီအစဉ်တော့ မရှိပါဘူး။ အိမ်မှာပဲ လူကြီးတွေကို ကန်တော့ပြီး နှစ်ဆန်းတစ်ရက်နေ့မှာတော့ မြန်မာဓလေ့ ထုံးစံအတိုင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖြစ်မှာပါ။ နှစ်သစ်မှာအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်းပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်း ပေးပါတယ်။

 

1

 

ဒေါ်ဌေးဌေး(ရန်ကုန်)

           

အန်တီက ရန်ကုန်ကနေ မန္တလေးက မိဘတွေဆီ အလည်သွားမှာပါ။ ဒီ ၁၁၅ မိုင်မှာ ခရီးတစ်ထောက်နားတာပါ၊ သင်္ကြန် ကာလအတွင်းမှာ မရောက်တာကြာပြီဖြစ်တဲ့ မိဘတွေနဲ့အတူ ကောင်းမှုကုသိုလ်လေးတွေပြုပြီး ဖြတ်သန်းသွားမယ်လို့ စိတ်ကူးထားပါတယ်။  ကျန်တဲ့အချိန်က အရောင်းအဝယ်သမားဖြစ်လို့ အလုပ်မအားတာကြောင့် ဒီသင်္ကြန်ပိတ်ရက်မှာဘဲ မိဘတွေဆီ  သွားဖြစ်တာပါ။ နှစ်သစ်မှာ အားလုံး မင်္ဂလာရှိပါစေလို့ ဆုတောင်းပေးပါတယ်။

 

1

 

မဝါဝါထွန်း(ချောင်းဦး)

           

အစ်မ ဇာတိကတော့ မုံရွာ - ချောင်းဦးဘက်ကပါ။ ရန်ကုန်မှာ တာဝန်ကျနေတာ ပါ။  အခု ဒီသင်္ကြန်တွင်း မိဘတွေဆီကို အလည်ပြန်တာပါ။ သင်္ကြန်တွင်းမှာတော့ မိဘတွေနဲ့အတူ ဥပုသ်သီလ ဆောက်တည်မယ်။ နောက်ပြီး စတုဒိသာအနေနဲ့ အချိုရည် ကုသိုလ်လေးတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ဇာတိက သူငယ်ချင်းတွေလည်း မတွေ့ဖြစ် တာကြာတော့ တွေ့ချင်ပေမယ့်လည်း  သင်္ကြန်ရက်ဆိုတော့ တွေ့ဖြစ်မယ်တော့ မထင်ပါဘူး၊  သင်္ကြန်တွင်းမှာ ခရီးသွားများတဲ့အတွက် ကားလက်မှတ်ဖြတ်ရ တာတော့ အခက်အခဲရှိပါတယ်။

 

1

 

မဇင်လေး(ခရီးသွားတစ်ဦး)

 

သင်္ကြန်မတိုင်ခင် ဘုရားဖူးထွက်ဖြစ်တာပါ။  ကျိုက်ထီးရိုး အပါအဝင် ဘုရားအစုံ ဖူးဖြစ်ပါတယ်။ အခု ၁၁၅ မိုင်မှာ ခဏနားတာပါ။ ပြီးရင် နေပြည်တော်မှာရှိတဲ့  ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး ၊ ဗုဒ္ဓဂယာ၊ ဓာတုစယဓာတ်ပေါင်းစုစေတီတို့ကို ဖူးမြော်မှာ ဖြစ်ပါတယ်။  ဘုရားအစုံ ဖူးပြီးရင်တော့ ရေပန်းဥယျာဉ်ကို သွားရောက် အပန်းဖြေမှာဖြစ်ပါတယ်။  သင်္ကြန် အကြို၊ အကျရက်တွေမှာတော့ သူငယ်ချင်းတွေနဲ့ ရေပက်ခံ လျှောက်လည်ဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့ ရက်တွေမှာတော့ ကောင်းမှုကုသိုလ်လေး တွေလုပ်ပြီး ဖြတ်သန်းမယ်လို့ စဉ်းစားထားပါတယ်။ နှစ်ဆန်း တစ်ရက်နေ့မှာတော့ သက်ကြီးပူဇော်ပွဲ ရှိတဲ့အတွက် သွားရောက်ကူညီပေးဖို့ စဉ်းစားထားပါတယ်။ နှစ်သစ် မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာချမ်းသာကြပါစေလို ဆုတောင်းပေးပါတယ်။

 

မေး၊ ရေး - အေးအေးသန့်၊ ဓာတ်ပုံ - ကိုအေးသန်း