မေတ္တာ ရုပ်ရှင်ဇာတ်ကားမှ အကျိုးအမြတ်များကို မိဘမဲ့ကလေးများအတွက် ပြန်သုံးမည်

၃ ဇူလိုင်


မိဘမဲ့ကလေးများအတွက် အဓိကထားရိုက်ကူးမည့် မေတ္တာ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ဒါရိုက်တာ Graham Streeter နှင့် တွဲဖက်ဒါရိုက်တာအဖြစ် ဒေါ်ဆွေဇင်ထိုက်တို့ ပုံဖော် ရိုက်ကူးကြမည်ဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် လူမင်း၊ Gim Mung နှင့် ထွန်းအိန္ဒြာဗိုတို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်သွားမည်ဖြစ်ကာ ဇာတ်ကားရိုက်ကူးပြီးနောက် ရုံတင်ပြသ၍ ရရှိလာသော အကျိုးအမြတ်များကိုလည်း မိဘမဲ့ကလေးများအတွက် ပြန်လည်အသုံးပြုသွားမည်ဟု သိရသည်။


မေတ္တာ ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာ ဆွေဇင်ထိုက်က ဒီကားလေးက မေတ္တာတရားကိုအခြေခံပြီးရိုက်မယ့် ကားလေးတစ်ကားပါ၊ မြန်မာနိုင်ငံဟာ မေတ္တာတရားရှိတဲ့နိုင်ငံ ဆိုတာကို ပြချင်တဲ့ သဘောလေးပါ၊ မြန်မာနိုင်ငံမှာရှိနေတဲ့ ဇာတ်ကားတွေ ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် ကလဲ့စား ချေတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြ တာတွေ၊ ပါးစပ်တွေနဲ့ပဲ ပြောရပြောရ၊ လက်နက်တွေနဲ့ပဲ လုပ်ရလုပ်ရ ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ မေတ္တာတရားရှိတဲ့ နိုင်ငံပါ ဆိုတာကို ပြချင်တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မှန်ပါတယ်၊ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်၊ မိဘမဲ့ကောင်လေး တစ်ယောက်အကြောင်းကို အခြေခံပြီး ရိုက်တာပါ၊ သူ့ဘဝရဲ့ ကြိုးစားမှုလေးတွေကို ပြချင်တာပေါ့နော်၊ ဒီဘက်ခေတ် လူငယ်လေးတွေ အားကျစေချင်လို့ပါ၊ ဒီကားကိုရိုက်ဖို့အတွက် စီစဉ်လာတာ လေးနှစ်လောက်ရှိပါပြီ၊ ၈၀ ရာခိုင်နှုန်းကိုလည်း ပြည်ပမှာ ရိုက်ပြီးခဲ့ပါပြီဟု ပြောသည်။


သရုပ်ဆောင် လူမင်းကလည်း ဇာတ်ကားက မေတ္တာဆိုတဲ့ နာမည်အတိုင်းပဲ ဇာတ်လမ်းက ရိုးပါတယ်။ မိသားစုမေတ္တာ၊ မိဘမေတ္တာကို ဖော်ကျူးတာပါပဲ။ ဒါပေမယ့် ထူးခြားနေတာလေးက မြန်မာနဲ့ အမေရိကန်နဲ့ ဖက်စပ်ရိုက်တယ်။ မိသားစု မေတ္တာ၊ မိဘမေတ္တာကို အစ်ကိုတို့ မြန်မာဒါရိုက်တာတွေ အကြိမ် ပေါင်းများစွာ ရိုက်ကူးနေကျပါပဲ၊ ဒါပေမယ့် နိုင်ငံခြားသား ဒါရိုက်တာတစ်ယောက်က မြန်မာကြိုက်တဲ့ မိဘမေတ္တာကို သူဘယ်လိုရိုက်မလဲဆိုတာကို ကိုယ်တို့ ကိုယ်တိုင်ရိုက်နေရင်းနဲ့ ကိုယ့်ကားကို ကိုယ်ပြန်ကြည့်ချင်တဲ့စိတ် ပေါ်လာအောင် ဖြစ်မိ တယ်ဟု ပြောသည်။


သရုပ်ဆောင် ထွန်းအိန္ဒြာဗိုကလည်း ဒီကားကို ဇာတ်လမ်းတော့ အသေးစိတ်ပြောပြလို့ မရသေးပါဘူး၊ မေတ္တာဖွဲ့ ဇာတ်လမ်းလေးပေါ့၊ ကျွန်မအနေအထားကတော့ မိခင်တစ်ယောက်ပါ၊ သူတို့က အင်မတန် ပြင်ဆင်မှု အားကောင်းတယ်၊ ကျွန်မတို့ လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဒီဇာတ်ကားက ကျွန်မအတွက်ဆိုရင် လုပ်ခွင့်အများကြီးရတဲ့ဇာတ်လမ်းဖြစ်တယ်။ ကျွန်မကို ခိုင်းတဲ့ဇာတ်လမ်းလည်း ဖြစ်တယ်။ ကျွန်မ ကြိုးစားခွင့်ရတဲ့ဇာတ် ဖြစ်တယ်။ ဒီလိုဇာတ်မျိုးကို ကမ္ဘာကို သိအောင် ဖြန့်ချိမယ်ဆိုတဲ့အတွက် အလွန်ပဲ ဝမ်းသာပါတယ်ဟု ပြော သည်။


မေတ္တာ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့တွင် ရိုက်ကူးပြီး မြန်မာနိုင်ငံမှ ဇာတ်ဝင်ခန်းများတွင် ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့၏ အလှတရားများကို အဓိက ထည့်သွင်းရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံရှိ ဇာတ် ဝင်ခန်းများကိုမူ ဆန်ဖရန်စစ္စကိုမြို့ Bay Area တွင် အများဆုံး ရိုက်ကူးခဲ့ကာ ယခုနှစ် မတ် ၁၆ ရက်က အမေရိကန်တွင် ရိုက်ကူးမှုများ ပြီးစီးခဲ့ကြောင်း သိရသည်။


ကိုလင်း