မေတ္တာအားတွေ ရကြပါစေ

မဇ္ဈိမအရှင်

 

သာသနာ့ဘောင်ကို စတင်ဝင်ရောက်ချိန်မှစ၍ ဒါယကာ   ဒါယိကာမတွေရဲ့   လျှောက်လေ့ရှိတဲ့ ရင်းနှီးနေတဲ့ စကားရပ်လေးတစ်ခုရှိခဲ့တယ်။

 

“အရှင်ဘုရားတပည့်တော်တို့ကို  မေတ္တာပို့ ပေးပါဦးဘုရား”တဲ့။    အဲဒီစကားလေးကြားတိုင်း ကြုံတိုင်း စဉ်းစားမိတယ်။

 

“ငါ့မှာတကယ်ပဲ မေတ္တာတရားတွေ လုံလောက် ပြီလား”။ 

 

ကိုယ်တိုင်လည်း  နေ့စဉ်မေတ္တာပို့နေပေမယ့်     ယုံကြည်မှုကတော့ အများကြီးရှိမနေခဲ့ပါ။

 

နှစ်အတော်ကြာကြာအထိ  ဒီစကားရပ်လေး ကြားတိုင်း အားငယ်တာလိုလို လိပ်ပြာမလုံချင်သလို ခံစားချက်က နှလုံးဝကို လာလာထိတယ်။

 

မေတ္တာပို့ဖို့ရာ အကြောင်းအကျိုးတစ်ခုကို ပြောပါဆိုရင် “မေတ္တာမဏ္ဍိုင်ဆရာတော်    ဦးပညာ ဗလကို အားကျမှုတွေ အများကြီးပါတယ်”ဆိုတာ မြေကြီးလက်ခတ်မလွဲနိုင်ပေ။ အသက်  (၂၅) နှစ် လောက်ကစပြီး  ဆရာတော်နဲ့ စတင်ရင်းနှီးခဲ့တယ်။  ငယ်ဆရာ  မဟုတ်ပေမယ့် ဖခင်သဖွယ်    ကျေးဇူး ကြီးမားလို့ အဖေဆရာလို့ နှလုံးသားက မှတ်ယူထား မိပါတယ်။

 

ဆရာတော်ကတော့ ရာသက်ပန် သက်သတ် လွတ်ဘုဉ်းပေးတာပါ၊ အင်မတန်မှ ကြည်ညိုစရာ။ ဦးပဉ္စင်းကတော့ သက်သတ်လွတ်အဓိဋ္ဌာန်ရက်ရှည် တွေ ဝင်ခဲ့ဖူးပေမယ့် အချိန်တန်တော့ ဒုံရင်းကဒုံရင်း ပါပဲ။  “ပါဏာတိပါတာ မပါရင် ဟာတိဟာတာ”ဆိုတဲ့ ဂြိုဟ်ဆိုးလေးက  ခဏခဏကပ်ပါလျက်သား။

 

တစ်နေ့တော့  ဆရာသမားက   မြဝတီမြို့မှာ  မဟာသမယသုတ်ရွတ်ဖတ်ပွဲရှိတော့  လှမ်းအကြုံ  ပါးလို့ သွားဖြစ်ခဲ့ပါတယ်။ အဲဒီပွဲကလည်း ဆရာ သမားကိုယ်တိုင် ကြီးကြပ်ဦးဆောင်တဲ့ပွဲလေး ဖြစ်နေခဲ့တယ်။   မဟာသမယသုတ်ရွတ်နေစဉ် အတွင်းမှာ  သံဃာတော်တွေအားလုံးကို    ပုံမှန် အတိုင်း  အသားဟင်းအစုံနဲ့ကပ်ပြီး  ဆရာတော် ကတော့   သီးသန့်ဝိုင်းလေးနဲ့    သက်သတ်လွတ် ဘုဉ်းပေးရှာတယ်။

 

ဦးပဉ္စင်းလည်း   အဝေးတစ်နေရာ    ဆွမ်းဝိုင်း  ကနေငေးကြည့်ပြီး   စိတ်ထဲမှာ   အားကျနေမိ  တယ်။  ဒါပေမဲ့  တကယ်မလုပ်နိုင်ခဲ့ပါဘူး။  မဟာ သမယသုတ်  ရွတ်ဖတ်ပူဇော်ပွဲပြီးလို့ သံဃာတော် တွေ  အသီးသီးပြန်ကြွသွားပေမယ့် ဦးပဉ္စင်းကတော့ ဆရာတော်နဲ့ ကျန်နေခဲ့ပါတယ်။  ဆရာသမားက နံနက်စောစောထလေ့ရှိတယ်။              ဦးပဉ္စင်းကတော့  အိပ်ရာထချိန် မမှန်ပါ။ ဒီလိုနဲ့ ဆရာသမားနဲ့အတူ နေလာတာ ကိုးရက်လောက် အချိန်ဖြစ်ပေလိမ့်မယ်။ သေချာတော့ မမှတ်ထားမိဘူး။

 

တစ်နေ့မှာတော့   နံနက်စောစော  အချိန်ကြီး  နိုးလာတယ်။ ဆရာတော့်အခန်းမှာ  ဖိနပ်မတွေ့တာ ကြောင့် အခန်းဘေးနားမှာ ထိုင်နေတဲ့  ဒါယကာ ကိုမေးကြည့်တယ်။   

 

“ဘုန်းဘုန်း ဘယ်ကြွသွားလဲ”   

“မြဝတီဈေးထဲကို ကြွသွားပါတယ်ဘုရား”

“ဘုန်းဘုန်း ကိုယ်တိုင်ကြွသွားတာပေါ့”    

 

“ဟုတ်တယ်ဘုရား  ဘုန်းဘုန်းက  အရှင်ဘုရား ရော  တပည့်တော်တို့ နံနက်စာအတွက်  အသား၊  ငါး၊   အသီးအရွက်အပါအဝင်   လိုအပ်တာတွေ နေ့တိုင်းသွားဝယ်ရတာ  ဘုရား။”

 

ဒါယကာကြီးကို ဘာစကားမှ မတုံ့ပြန်မိဘဲ စိတ်ထဲမှာ ကြောက်လန့်သွားတယ်။ “ဘုရား ဘုရား . . . ငါတို့စားဖို့ရာအတွက် အသား၊ ငါး၊  အသီးအရွက် တွေ    သွားဝယ်နေတဲ့   ဆရာတော်က      ရာသက်ပန် သက်သတ်လွတ်ဆရာတော်၊     မြန်မာနိုင်ငံမှာ    စေတီပုထိုးတွေ လှည့်ပြီးတည်နေတဲ့  ဆရာတော်၊  ငါတည်းဟူသော  အကြောင်းကြောင့်   ဆရာတော် မှာ အစောကြီးထပြီး  ကိုယ်မစားတဲ့  အသားတွေ ဝယ်ပေးနေရပါပေါ့လား။”

 

အဲဒီအချိန်ကစပြီး     ဆရာတော်ကိုလည်း ကိုယ်တိုင်လျှောက်ဖြစ်တယ်။

 

“တပည့်တော်လည်း ဘုန်းဘုန်းလို သက်သတ် လွတ်စားပါမယ်ဘုရား”  

 

“အားမနာပါနဲ့     ဈေးက  ဝယ်လာရတယ် ဆိုပေမယ့် ပံ့သကူအသားတွေပါ။”   

 

“မဟုတ်ဘူး  ဘုရား၊  တပည့်တော် သက်သတ် လွတ် တကယ်စားချင်လို့ပါဘုရား”  

 

“အေးပါကွာ”တဲ့။  ဒီလိုနဲ့  သက်သတ်လွတ် ရက်ရှည်တွေ စားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့  မေတ္တာ အားကတော့ အရှိန်အများကြီးမရသေးပါဘူး။

 

ဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စမတောင်မှာ အဓိဋ္ဌာန်ပြီးလို့     ဆရာတော်သီတင်းသုံးနေတဲ့  မှော်ဘီညောင်တစ်ပင် တောင်ကွင်းတောရကျောင်းကို ရောက်လာခဲ့ပါတယ်။ ကျောင်းရောက် တဲ့အခါမှာတော့   ဆရာတော်ဆီက   စာအုပ်လေးတစ်အုပ်  လေ့လာခွင့်ရရှိခဲ့ပါတယ်။    စာအုပ်အမည်က “မြတ်စွာဘုရားရှင်၏ အမွေတော်  အောင် ‘၁၀၈’   ကွက်  ဗုဒ္ဓစက်လက္ခဏာတော်  စက်ဖွင့်ပူဇော်ခြင်း” တဲ့။ ဘုရားရှင်၏ခြေဖဝါးတော်ကို ဖူးမြင်ရတဲ့အခါ တိုင်း  စက်လက္ခဏာတော်တွေကို  အလွတ်ကျက် ပူဇော်ချင်တဲ့စိတ်က  ရွှေပေါက္ကံမြို့သစ်က    ရသေ့ တစ်ပါးနဲ့ ဆုံပြီးကတည်းက ဆန္ဒပြင်းပြနေခဲ့တာပါ။ ဘရသေ့ကိုယ်တိုင်ရွတ်ပြတာကိုလည်း  အားကျ နေမိခဲ့တာပါ။   အခုတော့  တိုက်တိုက်ဆိုင်ဆိုင်  ပူဇော်ခွင့်ရတော့မှာမို့ အာဂုံဆောင်ရင်း     ကြိုးစား နေမိပါတော့တယ်။  မကြာခင်  ရက်ပိုင်းလောက် အတွင်းမှာပင် အလွတ်ပူဇော် နိုင်ခဲ့တယ်။

 

ပါဒစက်တော်ရာ ‘၁၀၈’ ကွက်

အဲဒီအချိန်အထိလည်း       မေတ္တာအားတွေ မပြည့်မီခဲ့သေးပါ။ အကြောင်းအကျိုးက တိုက်ဆိုင် လာပါပြီ။ ၁၃၈၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဖို့က  ရက်အချိန်နီးကပ်လာလို့  မှော်ဘီကနေ သာကေတမြို့နယ်     အဘယာရာမကျောင်းသို့ ရောက်ရှိလာရပါတော့တယ်။    ရောက်ရှိလာတယ် ဆိုရင်ပဲ   ညချမ်းအချိန်ရောက်တော့   ဘုရားရှင်ရဲ့ ပါဒစက်တော်ရာ   ‘၁၀၈’  ကွက်   ပါဠိတော်တွေ ရွတ်ဖတ်ပွားများဖို့ ပြင်ဆင်ရပါတော့တယ်။

 

အတွေးတစ်ချက်ဝင်လာတာက   ဒီကျောင်း တော်ကြီးဟာ  ကိုယ်တော်  (၁၉)  နှစ်သားလောက် ကတည်းက  နေလာခဲ့တဲ့   ကျောင်းတော်ကြီး။ ပြီးတော့ဒီအဆောင်မှာလည်း ယောဂီတစ်ယောက် က သေထားသေးတာ။ အဲဒီယောဂီက ကျွတ်၊မကျွတ် ကိုလည်း ကိုယ့်ဉာဏ်စွမ်းနဲ့ကမသိရ။ ဒါကြောင့် ယောဂီအပါအဝင် အခြားသော မကျွတ်မလွတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေခဲ့ရင် ပါဒစက်တော်ရာရဲ့  အာဏာ စက်ကို   တိုက်ရိုက်မကြားနိုင်မှာစိုး၍     အရပ် ဆယ်မျက်နှာ   မေတ္တာပို့နဲ့ရောစွက်ပြီး ပို့ဖြစ်ခဲ့ပါတယ်။ 

 

“အရှေ့အရပ်၌ရှိသော     အနန္တစကြဝဠာ အနန္တသတ္တဝါတို့   ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ” ဆိုတဲ့   စာတစ်ကြောင်းတည်းရှိသေး။   ရင်ထဲမှာ   အေးခနဲဖြစ်သွားပြီး ဘာနဲ့မှပြောပြ ယှဉ်ပြလို့မရတဲ့ အေးချမ်းမှုလေးတစ်ခု  နှလုံးအိမ်မှာ နေရာယူခဲ့ပါပြီ။ မေတ္တာပို့နေစဉ်မှာလည်း     သတ္တဝါတို့ရဲ့     အသား အသွေးကို  မစားထားတဲ့ ခန္ဓာအစစ်နဲ့ ပို့လွှတ်နေတဲ့ မေတ္တာပါလားလို့ တွေးမိပြီး  မျက်ရည်ဝဲလောက် အောင် ပျော်လာတယ်။

 

ပြောချင်တာက     သက်သတ်လွတ်စားလို့ သီးသန့်ကြီး ကုသိုလ်တော့မရပါဘူး။ ဒါပေမဲ့မေတ္တာ ပို့စဉ်   မေတ္တာထားစဉ်တော့  အင်မတန်ခွန်အား ပြည့်ပါတယ်။ ဖားအောက်တောရဆရာတော်ကြီး ရဲ့တရားကိုလည်း နာယူခဲ့ဖူးတယ်။  “အသားစားတဲ့ သူတွေဆို နတ်တွေက စောင့်ရှောက်ရင် တစ်ယူဇနာ (၁၂ မိုင်)လောက်က စောင့်ရှောက်ရတယ်။ အသား မစားတဲ့သူတွေကိုတော့ အနီးကပ်စောင့်ရှောက် ပေးတယ်တဲ့။”  ဒီနေရာမှာ ဦးပဉ္စင်းပြောချင်တာ  “မေတ္တာအား” လေးကိုပါ။ တစ်သက်လုံးက   မေတ္တာ တရားဆို နောက်တွန့်ခဲ့တဲ့ကိုယ်က အခုဆို မေတ္တာ အားရဲ့အရှိန်ကို အားကျနှစ်ခြိုက်သောက်သုံးမျှဝေဖြစ်လာပါပြီ။  ဒါ့ကြောင့်  မေတ္တာပို့ရင်း မေတ္တာအား တွေရကြပါစေ။        ။