မေတ္တာမြို့အမှတ်(၃)ရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မေတ္တာ ၁၈ ဇန်နဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တ္တာမြို့ အမှတ်(၃)ရပ်ကွက် ထားဝယ်-မေတ္တာ-ထီးခီးကားလမ်းကွေ့ (အမက)ကျောင်းအနီးတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ယာဉ် တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေတ္တာမြို့ အမှတ်(၃)ရပ်ကွက် ဟိန္ဒူးချောင်းကျေးရွာ (အမက)ကျောင်းအနီး ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းကွေ့တွင် ထားဝယ်ဘက်မှ မောင်းနင်လာသော အလုံပိတ်ကွန်တိန်နာ (အဖြူရောင်) မော်တော်ယာဉ်တစ်စီးမှ ကားလမ်းဘေးပုခုံးတွင် ရပ်နေသောအမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ယောကျာ်းလေးတစ်ဦးအား ဝင်တိုက်ပြီး ထီးခီးဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ မေတ္တာမြို့အမှတ်(၃)ရပ်ကွက် ဟိန္ဒူးချောင်းကျေးရွာ ရွာလယ်(အမက)ကျောင်းအနီး လမ်းပုခုံးပေါ်တွင် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူအမျိုးသမီးနှင့် ဒဏ်ရာရရှိသူ ကလေးငယ် ယောကျာ်းလေးတို့သည် မေတ္တာမြို့အမှတ်(၃) ရပ်ကွက်နေ မဖြူဖြူအောင်(၂၃)နှစ်နှင့် ၄င်း၏သားဖြစ်သူ မောင်မြင့်မြတ်အောင်(၂)နှစ် တို့ဖြစ်ကြောင်း၊ ကားလမ်းပုခုံးအနီးတွင် ၄င်းတို့၏ ဆိုင်ကယ်ဘေးတွင်ရပ်နေစဉ် ကွန်တိန်နာယာဉ် မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူ မဖြူဖြူအောင်နှင့် ဒဏ်ရာရရှိသူ မောင်မြင့်မြတ်အောင်တို့အား ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းအား စုံစမ်းရှာဖွေတွေ့ရှိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်နိုင်ရှိန်(ခ)တူးကိုအား မေတ္တာမြို့နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN