မေတ္တာနှင့်သူရာမှ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ဆီသို့

အေးကြူလေး

 

၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ပထမဆုံး မေတ္တာနှင့်သူရာရုပ်ရှင်ကားကို စတင်ရုံတင်ပြသခဲ့သော မြန်မာ့ရုပ်ရှင်သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ဆိုလျှင် နှစ်(၁၀၀) ပြည့်ပေတော့မည်။ အခက်အခဲပေါင်းများစွာကြားမှ နှစ် (၁၀၀)တိုင်တိုင်ရုန်းကန်ကြိုးစားရသောမြန်မာ့ရုပ်ရှင်သည် စကတည်းက ခက်ခဲလှသည်။ မမျှော်မှန်းနိုင်သောကိစ္စကို ဖြစ်အောင်ကြိုးစားခဲ့ခြင်းဖြစ်သည်။

 

ရုပ်ရှင်ဖခင်ကြီးဖြစ်မည့် ဦးအုန်းမောင်သည် ကျောင်းသားဘ၀ကပင် ဓာတ်ပုံနှင့်ပန်းချီ လေ့လာသူဖြစ်သဖြင့် (၁၀) တန်းအောင်လျှင် ဝက်စတော့ဓာတ်ပုံဆိုင်တွင်အလုပ်ဝင်လုပ်သည်။ ဓာတ်ပုံကူးသည့်အခါ လှပပြေပြစ်စေရန် ဓာတ်ပုံခဲထိုးအလုပ်ကို လုပ်ကိုင်ရခြင်းဖြစ်သည်။ နောင် ဒီအေအဟူဂျာဓာတ်ပုံဆိုင်သို့ ပြောင်းရွှေ့လုပ်ကိုင်ပြီး ၁၉၁၄ ခုနှစ်တွင် အလုပ်မှထွက်လိုက်သည်။ ဦးအုန်းမောင်သည် ဦးမောင်မောင်နှင့်အတူဘားလမ်းလန်ဒန်အတ်ဓာတ်ပုံဆိုင်ကို ဖွင့်လှစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားရုပ်ရှင်များ ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၁၀ ပြည့်နှစ် ကြားဝင်ရောက်လာသည်။ ယခုဗိုလ်ချုပ်ဈေးနေရာတွင် ရုပ်ရှင်ရုံများရှိရာ ဦးအုန်းမောင် နေ့စဉ်သွားရောက်လေ့လာသည်။ ပရိသတ်များမည်သည့်အတွက်ကြောင့် ကြိုက်သည်၊မည်သို့ရိုက်သည် စသည်ဖြင့် လေ့လာခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ရုပ်သေဓာတ်ပုံဆိုင်လုပ်ကိုင်နေရာမှ မြန်မာ့ရုပ်ရှင်ရိုက်ကူးရန်စိတ်ဝင်စားလာသည်။ ရုပ်ရှင်ကင်မရာကို ရှာဖွေလျက်ရှိရာ တစ်နေ့တွင် အီးအမ်ဒီဇူဆာ ဆေးနှင့်ဓာတ်ပုံပစ္စည်းအရောင်းဆိုင်တွင် ကင်မရာလေးတစ်လုံးတွေ့၍ တစ်ရာကျပ်နှင့်ဝယ်လိုက်သည်။ ဘားလမ်းဓာတ်ပုံဆိုင်အရောက် ကင်မရာလေးဖွင့်ကြည့်ရာမှန်ဘီလူးမပါကြောင်းတွေ့ရသည်။ မှန်ဘီလူးရှာကြရပြန်သည်။ တိုင်းတစ်ပါးလက်အောက်ရောက်နေစဉ်တွင် အစစအရာရာ ရှားပါးနေသောအချိန်ဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင်ကမ္ဘာလှည့်ခရီးသည်များထံမှ မှန်ဘီလူးအပိုပါလာသဖြင့် တစ်ရာနှင့်ထပ်မံဝယ်ယူသည်။ဦးအုန်းမောင်နှင့်ဦးမောင်မောင်တို့နှစ်ဦးကင်မရာကိုပြင်ဆင်၍ ရုပ်ရှင်ရိုက်ကူးရန်လုပ်သည်။ ကင်မရာလေးမှာ လက်နှင့်လှည့်ရိုက်ကူးရသော လက်လှည့်ကင်မရာဖြစ်သည်။ ဖလင်မရခင်မှာပင် လက်နှင့်မှန်မှန်လှည့်နိုင်အောင် လေ့ကျင့်ရသည်။

 

jfs

 

 

ထိုစဉ်က လန်ဒန်အတ်ဓာတ်ပုံတိုက်သို့ လာရောက်ဓာတ်ပုံကူးနေသော ဦးညီပုနှင့်ဆက်သွယ်၍ ရုပ်ရှင်ရိုက်ကူးရန် ဇာတ်လမ်းရှာဖွေသည်။ဦးညီပုကမြန်မာအဆွေတိုက်ပိုင်ဦးဘညွန့်၏သား ဖြစ်သည့်အလျောက်ပညာအလင်းသတင်းစာနှင့် မဂ္ဂဇင်းတိုက်မန်နေဂျာဦးပုနှင့် ဆက်သွယ်မေးမြန်းသည်။ ဦးညီပုက ဆရာကြီးပီမိုးနင်းကို ရုပ်ရှင်ရိုက်ကောင်းမည့် ဝတ္ထုဇာတ်လမ်းတစ်ခု ရေးပေးရန်ပြောကြားသဖြင့်မေတ္တာနှင့်သူရာဇာတ်လမ်းထွက်လာခြင်းဖြစ်သည်။ ဦးအုန်းမောင်ကမေတ္တာနှင့်သူရာဇာတ်ကား ရိုက်ကူးရန်စီစဉ်ရာ ဒါရိုက်တာဦးတုတ်ကြီး၊ ကင်မရာမင်းဦးမောင်မောင်၊ မင်းသားမောင်ညီပု၊ မင်းသမီးမအေးကြည်(ခ)မရီ၊ မောင်မောင်ချစ်၊ မောင်မောင်ကလေးတို့ဖြင့်စတင်သည်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်တို့တွင်တောကြီးဖြစ်နေရာလှည့်လည်ရိုက်ကူးကြသည်။ အိမ်ခန်းများကို အသိတစ်ယောက်အိမ်တွင် မှန်ချပ်ထိုး၍ရိုက်ကြသည်။ နံနက် ၄ နာရီခန့်တွင် ထမင်းတောင်း၊ ဟင်းတောင်းများကို လှည်းပေါ်တင်၍ ကားရိုက်ထွက်ရသည်။ ယခုကဲ့သို့ အခြေအနေမျိုးမဟုတ်ပေ။ ဦးညီပု၊ ဦးမောင်မောင်တို့နှစ်ဦးမှာ ကျောင်းသားများဖြစ်နေ၍ ကျောင်းပိတ်သောစနေ၊ တနင်္ဂနွေနှစ်ရက်သာ ရိုက်ကြသည်။

 

 

ကင်မရာပြင်ဆင်ထားပြီး ပေ ၅၀ သာထည့်လို့ရသဖြင့် မကြာခဏဖလင်ကုန်၍ရပ်ရသည်။ မကျွမ်းကျင်သောကိစ္စဖြစ်၍ ဖလင်ကူးဆေးပုံကို နိုင်ငံခြားစာအုပ်မှာ ဖတ်ရှုလေ့လာရသည်။ ထိုစဉ်က အခကြေးငွေဟူ၍မည်သူတစ်ဦးတစ်ယောက်မျှ မရကြပေ။ မအေးကြည်(ခ) မရီတစ်ဦးသာ ဉာဏ်ပူဇော်ခငွေ ချီးမြှင့်ရသည်။ အားလုံးက မြန်မာရုပ်ရှင်ကားထွက်ရှိရေးကိုသာ ရည်ရွယ်အကောင်အထည်ဖော် ကြိုးစားကြခြင်းဖြစ်သည်။ မိတ်ကပ်ပင်လူးရကောင်းမှန်း မသိပေ။ မင်းသမီးမအေးကြည် (ခ) မရီသာ ပေါင်ဒါ ခပ်ပါးပါးလေးလူးလာသည်။

 

 

ထိုသို့ရိုက်ကူးနေစဉ် ဗြိတိသျှအင်ပါယာပြပွဲကြီးအတွက် မြန်မာပြည်ကထွက်ရှိသောဆန်၊ စပါး၊ ကျွန်းသစ်၊ ရေနံ၊ သတ္တု၊ ဝါဂွမ်း၊ ပဲ၊ ပြောင်း၊ ဆေး၊ ယွန်းထည်၊ ပုသိမ်ထီး၊ မန္တလေးပိုးထည်စသည်ဖြင့် သတင်းကားရိုက်ကူးရန်ကမ်းလှမ်းလာသည်။ ဦးအုန်းမောင်နှင့် ဦးမောင်မောင်တို့ လှည့်လည်ရိုက်ကူးပေးရသည်။ အခွင့်အရေးရခိုက် ဦးအုန်းမောင်က သက်ဆိုင်ရာလူကြီးများကို ယခုထက်ကောင်းမွန်စွာရိုက်ကူးနိုင်မည့် ပေ ၄၀၀ ဝင် ကင်မရာတစ်လုံးနှင့်ကားကူးစက်ပါ မှာကြားခဲ့သည်။

 

 

၁၉၁၈ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ကရက်ဒေါက်စီမံကိန်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ကန့်ကွက်ဆန္ဒပြသည်။ ကရက်ဒေါက်စီမံကိန်းနှင့်ပတ်သက်၍ လန်ဒန်သို့ (၁) ဦးပု၊ (၂) ဦးဘဖေ၊ (၃) ဦးထွန်းရှိန်တို့ သုံးဦးအား ၁၉၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် လွှတ်လိုက်သည်။ ပြန်လည်ရောက်ရှိပြီး ဦးထွန်းရှိန်မကျန်းမာဖြစ်၍ ကွယ်လွန်သွားသည်။ ဇွန်လ၅ ရက်နေ့တွင် ဝိုင်အမ်ဘီအေ အသင်းတိုက်မှကြံတောသုသာန်သို့ပို့ဆောင်သည်။ ဦးအုန်းမောင်က မြန်မာအဆွေ၏သားအကြီး ဦးတင်နွယ်၏ မော်တော်ဆိုင်ကယ်ဘေးတွဲမှလည်းကောင်း၊ ဦးမောင်မောင်နှင့် ဦးညီပုတို့က မော်တော်ကားခေါင်မိုးမှလည်းကောင်း လိုက်လံရိုက်ကူးကြသည်။ ဖလင်များဆေးစိမ်ကြည့်သည့်အခါကောင်းမွန်၍ ပေါ့စ်တစ်ကူးပြီး စီနီမာဒီပဲရစ်ရုံတွင် ပြသသည်။ စီးပွားရေးလာဘ်မြင်သောရုံပိုင်ရှင်က နှစ်ထောင်ကျပ်ပေးဝယ်၍ ဝမ်းသာအားရသဘောတူလိုက်ကြသည်။ အမေရိကန်ရုပ်ရှင်ကားနှင့်တွဲဖက်၍ ရုံတင်ပြသရာ ပွဲတိုင်းရုံပြည့်ရုံလျှံ အားပေးကြသည်။

 

တုန်ခြင်း၊ မှုန်ခြင်းကြောင့် ရပ်နားထားသော မေတ္တာနှင့်သူရာဇာတ်ကားဆက်လက်ရိုက်ကူးရာ ငွေကြေးအခက်အခဲရှိလာသည်။ 
ဝတ်လုံတော်ရ ဦးထွန်း၊ ၎င်း၏ညီဦးညီထွန်းရိုးကုမ္ပဏီစာရေးကြီး ဦးသာငြိမ်း၊ စဉ့်အိုးတန်းမှ ဦးဘထွားတို့ပါ စုပေါင်းပြီးဘားမားဖလင် ကုမ္ပဏီဟူ၍ တည်ထောင်လိုက်သည်။
 ဦးညီပုနှင့် ဦးမောင်မောင်ချစ်တို့သည် ကျောင်းမှထွက်လိုက်ရသဖြင့်ယခင်ကကဲ့သို့ စနေ၊ တနင်္ဂနွေ နှစ်ရက်မဟုတ်တော့ပေ။ ကားရိုက်ရက်များများရလာသည်။ 
ပထမပိုင်းတွင် မိတ်ကပ်လူးရကောင်းမှန်းမသိသော်လည်း နောက်ပိုင်းတွင် အင်းစိန်ဖာရစီ မရွှေမ မျက်နှာချေကိုသကြားနှင့်ဖျော်လိမ်းသည်။ နှုတ်ခမ်းကိုနီစေရန် 
တရုတ်အမွှေးတိုင်ထုတ်သောစက္ကူနီကို နှုတ်ခမ်းနှင့် ပွတ်လိမ်းသည်။မျက်ခုံးမွေးကို တရုတ်မင်ကော့ခဲကိုသွေးပြီးသွားပွတ်တံနှင့်ဆွဲခဲ့ကြသည်။ မြန်မာရုပ်ရှင်ကားကို 
မျှော်မှန်း၍မရနိုင်သောအခြေအနေမှ ရုပ်ရှင်ဖခင်ကြီးများ ကြိုးစားမှုကြောင့် မေတ္တာနှင့်သူရာရုပ်ရှင်ကားကို (၁၃.၁၀.၁၉၂၀) ရက်နေ့တွင် ရွိုင်ရယ်စီနီ မာရုံ၌ ရုံတင်ပြသနိုင်ခဲ့သည်။
 ဒုတိယပတ်သုခရိတ ယုဝအသင်းရန်ပုံငွေအလှူပွဲတွင်ပထမဦးဆုံး ဟိုက်ကုတ်တရားသူကြီးဖြစ်သူဆရာဦးခင် ကြွရောက်သည်။ သေရည်သေရက်သည် လူကိုဖျက်ဆီးတတ်ကြောင်း
စာရိတ္တပြုပြင်ရေး ရှေ့ဆောင်လမ်းပြသဖြင့်ဦးအုန်းမောင် ရွှေတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။ ဒီဇင်ဘာလတွင် ပြည်မြို့၌မြန်မာပြည်လုံးဆိုင်ရာ ဂျီစီဘီအေကွန်ဖရင့်ကို ကျင်းပဖြစ်သည်။
 မြန်မာလူမျိုးထဲမှစက်မှု၊ လက်မှု ထွန်းကားလာအောင် ကြံဆောင်ကြိုးစားသော ဦးအုန်းမောင်ကိုအကောင်းဆုံးရွှေတံဆိပ်ချီးမြှင့်ခံရသည်။မမျှော်မှန်းနိုင်သော ဘဝမှ မြန်မာ့ရုပ်ရှင်ဖြစ်မြောက်အောင် ရုပ်ရှင်ဖခင်ကြီးများ ကြိုးစားလမ်းဖောက်ခဲ့ပြီးဖြစ်သည်။ ဖခင်ကြီးများဖောက်ခဲ့သော ရုပ်ရှင်လမ်းကို
 နှစ်ပေါင်းများစွာ ရှည်ကြာတည်တံ့အောင် အကောင်းဆုံး လျှောက်လှမ်းကြရမည်ဖြစ်ပေသည်။  

ကြေးမုံ