မေယွန်မီးတောင်ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာရွေ့ပြောင်းရသူ ၅၆၀ဝ၀ ကျော်ထိ ရှိလာ

မနီလာ ၂၅ ဇန်နဝါရီ

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းပေါ်က မေယွန် မီးတောင်ပေါက်ကွဲမှုစိပ်လာတာကြောင့် မီးတောင် အနီးတစ်ဝိုက်က ဒေသခံငါးသောင်းခြောက်ထောင်ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့  အမိန့်ထုတ် ထားကြောင်းသိရပါတယ်။ မနီလာမြို့တော် အရှေ့တောင်ဖက် ၃၂၅ ကီလိုမီတာ အကွာမှာရှိတဲ့ မေယွန်မီးတောင်ဟာ ဇန်နဝါရီ ၁၃ ကတည်းက ပြာမှုန်တွေ မှုတ်ထုတ်နေခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ပေါက်ကွဲမှုစိပ်လာခဲ့ပြီး တနင်္လာနေ့က မီးတောင်ပေါက်ကွဲမှုမှာတော့ မီးတောင်ထိပ်ဝ အထက် ငါးကီလိုမီတာအထိ ပြာပူတွေမှုတ်ထုတ်ခဲ့ပြီး မီတာ ၅၀ဝ ကနေ ၇၀ဝ လောက်အထိ ချော်ရည်တွေ စီးကျလာခဲ့တယ်လို့ ဖိလစ်ပိုင်မီးတောင်နဲ့ တိုင်းတာရေး အင်စတီကျုကထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငါးကြိမ်လှုပ်ရှားခဲ့ကြောင်း သိရပါတယ်။ မီးတောင်က မှုတ်ထုတ် ခဲ့တဲ့ပြာမှုန်တွေကြောင့် ကောင်းကင်နဲ့ အနီးအနားရွာတွေ မည်းမှောင်နေပါတယ်။

ယခုအခါမှာတော့ မီးတောင်နဲ့ ရှစ်ကီလိုမီတာပတ်လည်ကို အန္တရာယ်ဇုံသတ်မှတ်ထားပြီး ဒေသခံတွေ ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒေသခံ ငါးသောင်း ခြောက်ထောင်ကျော်အတွက် ကျောင်းတွေနဲ့ အများပိုင်နေရာတွေမှာ ယာယီနေရာ ချထားပါတယ်။

နေရပ်ပြန်ဖို့ ကြိုးစားနေသူတွေလည်း ရှိနေတာကြောင့် အန္တရာယ်ဇုံမှာ ရေနဲ့လျှပ်စစ်မီး ဖြတ်တောက် ထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။ မေယွန်မီးတောင်ဟာ ဖိလစ်ပိုင်မှာ ပေါက်ကွဲမှုအများဆုံးမီးတောင်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်လေးရာအတွင်း အကြိမ်ငါး ဆယ်ခန့်ပေါက်ကွဲခဲ့ဖူးကြောင်း သိရပါတယ်။

ဘာသာပြန်> မိုးမမ

ကိုးကား>အန်အိတ်ချ်ကေ