MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ MIU အသင်းနှင့် VUC အသင်း ဗိုလ်လုပွဲတက်ရောက်

ရန်ကုန် ၃ ဇွန် 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ကျင်းပရာ လက်ရှိချန်ပီယံ MIU အသင်းနှင့် VUC အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။

 

ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် MIU အသင်းက ရွှေမြဝတီအသင်းကို သုံးဂိုး-နှစ်ဂိုး၊ VUC အသင်းက GV Athletic အသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်နိုင် ခဲ့သော်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ရွှေမြဝတီအသင်းကို ကပ်၍အနိုင်ရခဲ့သည်။ MIU အသင်းသည် ပထမပိုင်းတွင် သုံးဂိုးပြတ်အနိုင်ရနေပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးပြန်ပေးခဲ့ရသောကြောင့် အနိုင်ရရန် ပုံမှန်ထက်အား ကုန်ထုတ်ခဲ့ရခြင်းဖြစ်သည်။ 

 

ယင်းပွဲအတွက် အကောင်းဆုံးဆုကို ပြည့်ဖြိုးမောင် (၃) (MIU) အသင်းက ရရှိခဲ့သည်။ VUC အသင်းမှာမူ တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း နှစ်ဂိုးပြန်ပေးလိုက်ရသောကြောင့် နောက်မှလိုက်ကစားခဲ့ရပြီး ဂိုးများပြန်သွင်းနိုင်သောကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ VUC အသင်းသည် နှစ်ဂိုး-တစ်ဂိုးအရှုံးမှ သုံးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းပွဲအတွက် အကောင်းဆုံးဆုကို အောင်ဇင်ဦး (VUC) အသင်းက ရရှိခဲ့သည်။ တတိယနေရာလုပွဲအဖြစ် GV Athletic အသင်းနှင့် ရွှေမြဝတီအသင်း၊ ဗိုလ်လုပွဲအဖြစ် MIU အသင်းနှင့် VUC အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇွန် ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ MIU အသင်းနှင့် VUC အသင်းသည် ဗိုလ်လုပွဲတွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်ပြိုင်ပွဲတွင် MIU အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

 

သတင်း-ရဲရင့်ရှိုင်း

 

ဓာတ်ပုံ-ဖိုးသော်ဇင်