ရန်ကုန် မတ် ၁၁
၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်(၁) ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် (၂၂) ဒုတိယနေ့ကို မတ် ၁၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ YRG အသင်း ဗိုလ်စွဲခဲ့သည်။
ဒုတိယနေ့တွင် United City အသင်းက MIU အသင်းကို ရှစ်ဂိုး-ငါးဂိုး၊ YCDC Dream Team အသင်းက YRG အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး M2K အသင်းနှင့် Pacific Sun far အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် YCDC Dream Team အသင်းက YRG အသင်းကို အနိုင်ယူခဲ့သော်လည်း ၆၃ မှတ်စီ တူညီပြီး ဂိုးကွာခြားချက်အသာဖြင့် YRG အသင်း ချန်ပီယံဖြစ်ခဲ့သည်။ YRG အသင်းသည် ယခုနောက်ဆုံးပွဲမတိုင်မီ YCDC Dream Team အသင်း ထက် သုံးမှတ်အသာရထားသည့်အပြင် ဂိုးကွာခြားချက်မှာလည်း ၁၀ ဂိုးအသာရထားသဖြင့် ဂိုးပြတ် အရေးနိမ့်မှသာ ချန်ပီယံဆုလွဲချော်မည်ဖြစ်ပြီး ငါးဂိုး-သုံးဂိုးဖြင့်သာ အရေးနိမ့်ခဲ့သဖြင့် ဂိုးကွာခြား ချက်အသာဖြင့် ချန်ပီယံဖြစ်ခဲ့သည်။ YRG အသင်းသည် အမှတ်ပေးချန်ပီယံဆု ပထမဆုံးရယူနိုင်ခြင်းဖြစ်ပြီး နောက်ဆုံးပွဲတွင် အရေးနိမ့်ခဲ့၍သာ ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆုရယူနိုင်မည့် ပထမဆုံး အသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
YRG အသင်းနှင့် YCDC Dream Team အသင်းတို့၏ နောက်ဆုံးပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အသန့်ရှင်းဆုံးဆုရရှိသော Gold Dream FC အသင်းကို ဆုဖလားနှင့်ဆုကြေးငွေကျပ် ငါးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆုရရှိသော YCDC Dream Team အသင်းမှ ကျော်ရဲသွေးကို ဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သော YRG FC မှ ကိုကိုလွင်ကို ဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ စတုတ္ထ ဆုရရှိသော M2K FC အသင်းကို ဆုကြေးငွေကျပ် သိန်း ၃၀ ၊ တတိယဆုရရှိခဲ့သော MIU FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ်သိန်း ၅၀၊ ဒုတိယဆုရရှိခဲ့သော YCDC Dream Team FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ် နှင့် ဆုကြေးငွေကျပ်သိန်း ၁၀၀ ၊ ပထမဆုရရှိသော YRG FC ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ်သိန်း ၁၅၀ နှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-YRG FC


