MFF Warrix Futsal Cup 2019 (မန္တလေး) ဖူဆယ်ပြိုင်ပွဲတွင် GV Athletic အသင်း ဗိုလ်စွဲ

မန္တလေး ၁၆ ဇူလိုင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ Warrix ၏ အဓိကပံ့ပိုးမှုဖြင့် ကျင်းပမည့် MFF Warrix Futsal Cup 2019 (မန္တလေး) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားရုံ၌ ကျင်းပရာ GV Athletic အသင်း ဗိုလ်စွဲခဲ့သည်။ 

ဗိုလ်လုပွဲတွင် GV Athletic အသင်းက AKS (A) အသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး တတိယနေရာ လုပွဲတွင် JZM (A) အသင်းနှင့် လင်းလက်အသင်းတို့ ငါးဂိုးစီသရေကျနေသောကြောင့် ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ လင်းလက်အသင်းက ၁၂ ဂိုး-၁၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ဆုရအသင်းများနှင့် ဆုရကစားသမားများကို ပေးအပ်ချီးမြင့်သည်။ ပြိုင်ပွဲအပြီးတွင် ပထမဆုရ GV Athletic အသင်းက ဆုကြေး ကျပ်သိန်း ၃၀၊ ချန်ပီယံဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်၊ ဒုတိယဆုရ AKS (A) အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၂၀၊ တတိယဆုရ လင်းလက်အသင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်း၊ စတုတ္ထဆုရ JZM (A) အသင်းက ဆုကြေးကျပ်ငါးသိန်းတို့ ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ညီညီသန့် (GA Athletic)၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို သန့်ဇင်ထွန်း (AKS)နှင့် အသန့်ရှင်းဆုံးအသင်းဆုကို GV Athletic အသင်းတို့ ရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF