MFF ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီနှင့် ရန်ကုန် ဗိုလ်လုပွဲတက်ရောက်

ရန်ကုန် ၃၀ ဇူလိုင်

 ၂၀၁၉ MFF ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။ 

ဆီမီးဖိုင်နယ်တွင် ဧရာဝတီအသင်းက နေပြည်တော်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်အသင်းက ကချင်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်လာခြင်းဖြစ်ပြီး ပေးဂိုးမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ ဆီမီးဖိုင်နယ်တွင်လည်း နေပြည်တော်ကို အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်လာခြင်းဖြစ်သည်။ ရန်ကုန်အသင်းမှာလည်း ရှုံးပွဲမရှိဘဲ တက်ရောက်လာသည့်အသင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ကချင်အသင်းကို ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လုပွဲကို သြဂုတ် ၁ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပထမဆုရအသင်းကို ဆုဖလားနှင့် ကျပ်သိန်း ၃၀၊ ဒုတိယဆုရအသင်းကို ဆုကြေးကျပ်သိန်း ၂၀၊ ပူးတွဲတတိယဆုရ နှစ်သင်းကို ဆုကြေးကျပ် ၁၀ သိန်းစီ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် သွင်းဂိုးအများဆုံးဆုရ ကစားသမားတို့ကို ဆုကြေးကျပ်နှစ်သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။

ရဲရင့်ရှိုင်း