မဟာအောင်မြေကျောက်ဝိုင်းမှာ ခွင့်ပြုချက်မဲ့ ဝိုင်ဖိုင်ကြိုး ဆက်သွယ်သည့် တရုတ်နိုင်ငံသားအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် အမှုဖွင့်ထား

မန္တလေး ၃ ဇူလိုင်


မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ခွင့်ပြုချက်မဲ့ ဝိုင်ဖိုင်ကြိုး ဆက်သွယ်သည့် တရုတ်နိုင်ငံသားအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝက ဥပဒေ ၁၃ (၁) ဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။

 

1

 


တာဝန်ရှိသူများ၏ခွင့်ပြုချက်မရှိဘဲ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ဝိုင်ဖိုင်ကြိုး တပ်ဆင်နေကြောင်းကို အခုလ ၂ ရက်က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမှုတွင် တရုတ်နိုင်ငံ MBD ကုမ္ပဏီမှ တရုတ်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့် ဝိုင်ဖိုင်ကြိုး ဆက်သွယ်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။


‘အခုတော့ လဝကဥပဒေ ၁၃ (၁)နဲ့ တရုတ်နိုင်ငံသား တစ်ဦးကို အမှုဖွင့်ထားတယ်။ နောက်ထပ် ဆက်သွယ်ရေးဥပဒေနဲ့လည်း ဆက်လက်အရေးယူဖို့ ဆောင်ရွက်နေပါတယ်’ ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးတော် ဆောင်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦး က ပြောသည်။


လွန်ခဲ့သည့် ၅ လခန့်ကတည်းက ကျောက်ဝိုင်းအတွင်း ဆက်သွယ်ရေးကြိုးများ ချဲ့ထွင်ခြင်း၊ ဆွဲခြင်းများ ဆောင်ရွက်ခွင့်မပြုကြောင်း ကြေငြာထားပြီးဖြစ်ကြောင်း သိရသည်။ ယခုအမှုတွင် ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီကို ဝိုင်ဖိုင်ကြိုး ပြတ်နေသည့်အတွက် ဆက်လိုပါကြောင်း တင်ပြပြီး အမှန်တကယ်တွင် ဝိုင်ဖိုင်ကြိုးများဖြင့် နက်ဝက်ချဲ့ထွင်ခြင်း များလုပ်ဆောင်ကြသည်။


ယခုလိုအမှုမျိုး နောက်ထပ်မဖြစ်ပွားစေရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူများဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်
 ဓါတ်ပုံ - မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း