မဟာသီယာကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် မလေးရှား အတိုက်အခံညွန့်ပေါင်းပါတီ အမည်စာရင်းတင်သွင်း

ကွာလာလမ်ပူ ၈ ဇန်နဝါရီ

အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဟာသီယာကို သြဂုတ်လမှာ ကျင်းပမယ့် မလေးရှားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မလေးရှားအတိုက်အခံ ညွန့်ပေါင်းပါတီက အမည်စာရင်းပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ သြဇာကြီးမားတဲ့ အတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင် ထောင်အတွင်းရှိနေစဉ်မှာ ဝန်ကြီးချုပ် နေရာကို ဝင်ရောက်နေရာယူလာမယ့် မဟာသီယာဟာ  နာဂျစ်ရာဇတ်အတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်နေပါတယ်။ ဝန်ကြီးချုပ်သက်တမ်း ၂၂ နှစ်ကြာမျှ အာဏာရယူဖူးတဲ့ မဟာသီယာအတွက် ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ အတိုက်အခံဘက်ကသာ အနိုင်ရရှိခဲ့ရင်  ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်ဖြစ်လာမှာပါ။

ရွေးကောက်ပွဲအနိုင်ရမှုဟာ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ဖူးသူ မဟာသီယာကို တစ်ဖန်နေရာပြန်ရလာဖို့ လမ်းခင်းပေးယ့်အရာပဲဖြစ်လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မဟာသီယာနဲ့ အန်ဝါရဲ့ ဇနီးဖြစ်သူ ဝမ် အဇီဇာ အစ္စမေးတို့ဟာ ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ် နေရာအသီးသီးအတွက် ပါကာတန် ဟာရာပန်ညွန့်ပေါင်းပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ရွေးကောက်ပွဲအတွင်းရေးမှူး  ဆာအီဖူဒင် အဗ္ဗဒူလာ က ညွန့်ပေါင်းပါတီ အစည်းအဝေးတစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

အတိုက်အခံဘက်ကသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပါတီအဖွဲ့ဝင်တွေဟာ အန်ဝါအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ ဥပဒေလုပ်ငန်းစဉ်တွေ ချက်ချင်းစတင်သွားဖို့ သဘောတူထားကြတယ်လို့ ဆာအီဖူဒင်က ဆိုပါတယ်။ အဲဒီလိုသာဆိုရင် အန်ဝါဟာ ဖက်ဒရယ်အစိုးရရဲ့ အခန်းကဏ္ဍတစ်နေရာမှာ ရုတ်တရက်နေရာရလာမှာဖြစ်ပြီး နောက်ပိုင်းကျရင် ရှစ်ဦးမြောက် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းဖြစ် လာနိုင်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

(MDN)

ကိုးကား-ရိုက်တာ