မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်လမ်းလျှောက်သင်္ကြန်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန် တို့တွင် သင်္ကြန်ချစ်သူပြည်သူများနှင့် ကြက်ပျံမကျအထူးစည်းကားလျှက်ရှိ

ရန်ကုန် ဧပြီ ၁၄

 

၁၃၈၅ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သင်္ကြန် ချစ်သူပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလ ပန်းခြံဘေးရှိ ရန်ကုန်လမ်းလျှောက်  သင်္ကြန်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိပြည်သူရင်ပြင် လမ်းလျှောက် သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်အပြင် ဌာနဆိုင်ရာရေကစားမဏ္ဍပ် ၁၀ ခုနှင့် ရန်ကုန်မြို့အတွင်းခရိုင်ဇုန် မြို့နယ်များတွင် ရေကစား မဏ္ဍပ်များကို လည်းယမန်နေ့၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်းကား သိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး ယနေ့ သင်္ကြန်အကျနေ့၌အဆိုပါ မဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များတို့တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံ ကားများနှင့် ဖျော်ဖြေပွဲကြည်ရူသူ သင်္ကြန်ချစ်သူပြည်သူတို့ဖြင့် စည်ကားလျှက်ရှိသည်။

 

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ၌ နံနက်ပိုင်းအစီအစဉ်တွင်ရုံး၊ ဌာနနှင့်အခြား ပြိုင်ပွဲ၀င်တို့မှ ပြိုင်ပွဲ၀င်(၁၆  )ဦးစီပါ၀င်သည့် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှမြူးကြွ အကအလှ အပသင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ကြရာ ရေသဘင်ပွဲတော်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူပြည်သူများတို့ဖြင့် အထူးကိုစည်းကားခဲ့သည်။

 

ရန်ကုန်လမ်း လျှောက်သင်္ကြန်မဏ္ဍပ်တွင်ရုပ်ရှင်၊ ဂီတအဖွဲ့မှအနုပညာရှင်များ၊ DJ အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုနှင့် အတူရောင်စုံထီးမိုးအောက်၌လမ်းလျှောက်ပွဲလာ သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင် ကြည်နူးပါ၀င်ဆင်နွှဲနေကြသည်မှ လည်းကြက်ပျံမကျ စည်းကားလျှက်ရှိကြောင်း တွေ့ရသည်။

 

ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်ရှိ Royal Apex မဏ္ဍပ် ဖျော်ဖြေမှုမှ လွှင်ပြန့်လာသည့် ဂီတတီးလုံးသံများနှင့်အတူ ရောင်စုံထီးမိုးအောက်တွင် ရေသဘင်ပွဲ ဆင်နွှဲသူသင်္ကြန်ချစ်သူ ပြည်သူများက မြူးကြွကခုန်ပျော်မြူးနေမှုနှင့် ကလေးငယ်များ ပျော်ရွှင်စွာ ရေမြုပ်သင်္ကြန်ဆင်နွှဲနေမှု တို့ကို တွေ့မြင့်ခဲ့ရသည်။

 

ညနေပိုင်းတွင်လည်း  ရန်ကုန်မြို့တော်မဟာသင်္ကြန်တွင် ပြိုင်ပွဲ၀င်(၂၀)ဦးစီပါ၀င်သည့် ယိမ်းအဖွဲ့ (အလွတ်တန်း)ယှဉ်ပြိုင်ဖျော်ဖြေကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၊မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ ဖျော်ဖြေတင်ဆက်ကြရာ အတာရေသဘင်ဆင်နွှဲသူ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေရေးကြည့်ရူသူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်းကားလျှက်ရှိပြီး ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် သင်္ကြန် ချစ်သူပြည်သူများနှင့်အတူ စည်းကားလျှက်ရှိသည်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ၌လည်း အုန်းလက်မဏ္ဍပ်များဖြင့် သင်္ကြန်ချစ်သူ ကလေးများက လမ်းသွား၊ လမ်းလာဒေသခံ ပြည်သူများအား ပျော်ရွှင်စွာရေပက်ကစားလျှက်ရှိကြောင်း သိရသည်။

သတင်း-တန်ခူးကိုဇော်

ဓာတ်ပုံ-ဇော်မင်းလတ်-ရဲထွဋ်