မဟာသင်္ကြန်ကာလအတွင်း ခရီးသွားဧည်သည့်များ မြိတ် - ကျွန်းစုဒေသ အပန်းဖြေခရီးစဉ်များ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ကျွန်းစု ဖေဖော်ဝါရီ ၂၈

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြိတ် - ကျွန်းစုဒေသသို့ မြန်မာ့ရိုးရာ နှစ်သစ်မဟာသင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးစဉ်များ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ခရီးသွားလုပ်ရှင်များထံမှ သိရသည်။

 

မြိတ် - ကျွန်းစုဒေသအတွင်းရှိ ခရီးစဉ်များကို ပြေးဆွဲရာတွင် ခရီးသည်များအနေဖြင့် လေကြောင်းခရီးကိုသာ အဓိကအားထား သွားလာနေရသည့်အတွက် ကုန်ကျစရိတ် ယခင်ကထက် ပိုမိုများပြားနေခြင်း၊ ကျွန်းများတွင် လိုအပ်သည့် Activity များ နည်းပါးနေခြင်း၊ ပို့ဆောင်စရိတ် မြင့်တက်လာခြင်း စသည့် အခက်အခဲများရှိနေကြောင်း သိရသည်။

 

“မဟာသင်္ကြန်ကာလ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင် တချို့လုပ်ထားတဲ့ ခရီးသွားတွေရှိပါတယ်။ တချို့ဟိုတယ်တွေက ဟိုတယ်မှာ (၃)ညအိပ်၊ ကျွန်းခရီးစဉ် (၂)ခေါက်၊ ရန်ကုန် - မြိတ် လေယာဉ်လက်မှတ် အသွား/အပြန် အပြီးအစီးကို ငွေကျပ်(၉)သိန်းနဲ့ စီစဉ်ပေးနေတာရှိပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများတွင် တစ်ညအိပ် (၂)ရက်ခရီးစဉ်များလည်း သွားရောက်လည်ပတ်နိုင်ပြီး ညအိပ်ခရီးစဉ်များတွင် လူတစ်ဦးလျှင် ငွေကျပ် (၃)သိန်းခွဲ သတ်မှတ်ထားကြောင်း သိရသည်။

 

“မြိတ်ကျွန်းစုကို လာရောက်လည်ပတ်ချင်တဲ့ သူတွေအနေနဲ့ လေကြောင်းလိုင်းကို အဓိကအားထားပြီး သွားလာနေရတယ်။ လေယာဉ်က ရန်ကုန် - မြိတ် တစ်နေ့ကို(၂)စီး အတက်အဆင်းရှိပါတယ်။ ကားလမ်းခရီးက လုံခြုံရေးအနေထားတွေကြောင့် လာရောက်လည်ပတ်သူ မရှိသလောက် နည်းနေပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာတော့ (၃)ဦးတစ်ဖွဲ့၊ (၄)ဦးတစ်ဖွဲ့လောက်တော့ လာကြတယ်။ ခရီးစဉ်က အနည်းဆုံး (၁၀)ဦးလောက်ရှိမှ တစ်ခေါက်ပြေးဆွဲလို့ အဆင်ပြေပါတယ်။ ခရီးသွားလုပ်ငန်းကလည်း ကပ်ရောဂါကာလကတည်းက ကျဆင်းသွားတော့ အတော်လေးကို ကြိုးစားရုန်းကန်နေရပါတယ်” ဟု မြိတ်မြို့မှ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

မြိတ် - ကျွန်းစုခရီးစဉ်များအတွက် လက်ရှိအနေထားတွင် လေးကျွန်း၊ သမီးလှကျွန်း ခရီးစဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ်(၂)သိန်း (နေ့ချင်းပြန်)၊ စမတ်၊ ဒုံးညောင်မှိုင်း၊ ဒုံးရေတံခွန်ခရီးစဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ်(၂)သိန်းခွဲ (နေ့ချင်းပြန်)၊ စမတ်၊ ဘေလီ၊ ကြယ်လိပ်ကျွန်းခရီးစဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ်(၃)သိန်း(နေ့ချင်းပြန်) သတ်မှတ်ထားကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြိတ် - ကျွန်းစုဒေသရှိ ကျွန်းများပေါ်တွင် အဓိကလိုအပ်နေသည့် Activity နည်းပါးနေခြင်း၊ ပို့ဆောင်စရိတ် ကြီးမြင့်နေခြင်း စသည့် အခက်အခဲများရှိနေသော်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် အဆင်ပြေနိုင်စေရန် ခရီးစဉ်များ ကြိုးစားပြေးဆွဲပေးနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

 

မြိတ် - ကျွန်းစုဒေသ ကျွန်းများသည့် ပင်လယ်ပြင်အတွင်း သဘာဝအနေအထား၊ သဘာဝအလှများ၊ ရေပေါ်ခြေတံရှည်အိမ်လေးများ အစီအရီ၊ ဒေသခံများ၏ တံငါးလုပ်ငန်း၊ ရေပေါ်ရေအောက် ကျောက်ဆောင်၊ ကျောက်ခန်းများ၊ သန္တာကျောက်တန်းများ၊ ရေမှော်များ၊ သဘာဝငါးမျိုးစိတ်ပေါင်းများစွာကို လေ့လာနိုင်ပြီး ပင်လယ်ကမ်းခြေအနီး ရေကူးနိုင်သည့်အပြင် သဘာဝအလျောက် ပေါက်ရောက်နေသော ဒီရေတောများသည့် မြင်ရသူ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် စိတ်ချမ်းမြေ့ကြည့်နူးမှု ဖြစ်စေကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)