မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၌ စာသင်သားသစ်လွင်ကြိုဆိုပွဲကျင်းပ

ရန်ကုန် ၂   ဇွန် 

 

ရန်ကုန်မြို့ မှော်ဘီမြို့နယ် မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ ဝိဇ္ဇာဘွဲ့ သင်တန်း၊ ဒီပလိုမာသင်တန်းနှင့် အကြိုဒီပလိုမာသင်တန်း(စတုတ္ထသုတ်) စာသင်သားသစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက မဟာကဝိနန္ဒသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။

 

အဆိုပါ စာသင်သားသစ်လွင်ကြိုဆိုပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ဖွင့်လှစ်၍ မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ် မဟာနာယက ပုသိမ်ပစ္ဆိမာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တခေမိန္ဒထံ မှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ 

 

ဆက်လက်၍ မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ ဦးစီးပဓာန နာယကဆရာတော်များထံမှ သြဝါဒခံယူကြသည်။ 

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပါမောက္ခ ဒေါက်တာဟံဝင်းက သင်ကြားရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။ ဆက်လက်၍ မဟာ ဝိဟာရဓမ္မဝိနယတက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို တက္ကသိုလ်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးလှမင်းက လျှောက်ထားခဲ့သည်။ ဒီပလိုမာတန်းအောင်မြင်ပြီး သင်တန်းသားသံဃာတော်များကိုယ်စား သံဃာတော်တစ်ပါးအား ပါမောက္ခချုပ်ဆရာတော်က အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ခဲ့သည်။ 

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အလှူရှင်များက ပင့်သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်အပ်စပ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

 

မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်တွင် အကြိုဒီပလိုမာသင်တန်း (၁၄)လ၊ ဘွဲ့ကြိုဒီပလိုမာသင်တန်း (၁)နှစ်၊ ဝိဇ္ဇာဘွဲ့(ဓမ္မဝိနယ) (၁)၊ (၂) နှစ်သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းဟူ၍ရှိပြီး ဒီပလိုမာသင်တန်းနှင့် အထက်အဆင့်များတွင် အင်္ဂလိပ်ဘာသာကို ကြားခံဘာသာစကားအဖြစ် သင်ကြားပေးလျက်ရှိသည်။ အခြားတက္ကသိုလ်များနှင့် ညှိနှိုင်းထားသော ပိဋကတ်စာပေတရားတော်များကို စနစ်တကျလေ့လာဆည်းပူးနိုင်ပြီး ဝိနည်း၊ သုတ္တံ၊ အဘိဓမ္မာ၊ ဝိပဿနာ၊ သမထ၊ ဗုဒ္ဓဘာသာသမိုင်း၊ ပါဠိ၊ သာသနာပြုလုပ်ငန်း၊ အင်္ဂလိပ်စာ ဘာသာရပ်များ ပါဝင်သည်။

 

“ဆရာတော်ရည်ရွယ်ချက်က ဒီတက္ကသိုလ်မှာ သာသနာ့ဝန်ထမ်းရဟန်းတွေအတွက် နိုင်ငံခြားသာသနာပြုဖို့လည်း ဖြစ်တယ်။ ဘွဲ့လွန်သင်တန်းတွေကို နိုင်ငံရပ်ခြားမှာသွားပြီးတက်တဲ့အခါမျိုးမှာ ရဟန်းသံဃာတွေဟာ ဝိနည်းအနေနဲ့ ထိန်းဖို့တော်တော်လေးခက်တာတွေ့ရတယ်။ ငွေလည်းကိုင်ရတယ်။ စားဖို့သောက်ဖို့လည်း ကိုယ်ဟာကိုယ်စီစဉ်ရတယ်ဆိုတော့ တော်တော်အခက်အခဲ အကြပ်အတည်းတွေတွေ့ရတယ်။ အဲဒီတော့ ဝိနည်းမပျက်ဘဲ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သင်တန်းတွေကို တက်နိုင်ဖို့အတွက် ဒီတက္ကသိုလ်ကြီးမှာ ဆရာတော်က ဝိနည်းကို အဓိကထားပြီး သင်ကြားနည်းစနစ်မှာလည်း ခေတ်မီသွားအောင်ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်” ဟုမဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်ဖောင်ဒေးရှင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်ထွန်းဦး က ပြောကြားသည်။  

 

မဟာဝိဟာရကျောင်းတိုက်ကြီးကို ၂၀ဝ၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၂-၆-၂၀၁၆ ခုနှစ်တွင် တက္ကသိုလ် စတင်ဖွင့်လှစ်၍ စာပေများသင်ကြားခဲ့ကြောင်း သိရသည်။ ကျောင်းတိုက်ကြီးတွင် သီတင်းသုံး လျက်ရှိသော သံဃာအားလုံးမှာ ၁၂၀ဝ ကျော်ကာ ယခုနှစ်တွင် သင်တန်းအားလုံး၌ တက်ရောက်မည့် သင်တန်းသား ၄၈ ပါးရှိကြောင်း သိရသည်။ မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာအနီးတွင် တည်ရှိပြီး မဟာဝိဟာရကျောင်းတိုက်ကြီး၏ မဟာနာယက ဘဒ္ဒ န္တဝိဇ္ဇာနန္ဒက မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိ သည်။

 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း