မဟာဝိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း (၁၄)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက်၊ ဖေဖော်ဝါရီ (၃)ရက်မှ ၅ ရက်နေ့အထိ ကျင်းပဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို‌ ဖေဖော်ဝါရီ ၃ ရက် ညနေ(၄)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ အလုံခရိုင် ၊ ကမာရွတ်ခရိုင်နှင့် မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ်များ၊ အခြားအသင်းအဖွဲ့များ အပါအဝင် စုစုပေါင်း (၁၈)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စေတီတော်ကြီးအား ပန်း၊ ဆီမီး၊ သစ်သီး၊ ထမနဲဆွမ်းများဖြင့် ကပ်လှူပူဇော်ကြမည်ဖြစ်သည်။

 

တပို့တွဲလပြည့်ကျော် (၁) ရက် ဖေဖော်ဝါရီ(၅)ရက်နေ့ နံနက်(၇)နာရီတွင် မဟာဝိဇယ စေတီတော်ရင်ပြင်၌ မြတ်စွာဘုရားအမှူးထား၍ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ် အတွင်းရှိ ဆရာတော်ကြီးများ အပါအဝင်(၁+၄၅) ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ရာ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ အလှူရှင်များမှ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်ပါကြောင်း မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)