မဟာဝိဇယစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၆

 

မဟာဝိဇယစေတီတော် (၂၉)ကြိမ်မြောက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ကိုဗစ်-၁၉ စည်းမျည်း စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) နံနက် ၅ နာရီခွဲတွင် စေတီတော်မြတ်ကြီး လိုဏ်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအား အာရုဏ်ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်သည်။

 

ထို့နောက် နံနက် ၉ နာရီတွင် စေတီတော်လိုဏ်အတွင်း၌ ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သီလပေးတရားနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် မေတ္တာဘာဝနာပွားများခြင်းများကို အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

သီတင်းကျွတ်အဖိတ်နေ့နှင့် လပြည့်နေ့ မွန်းလွဲ ၂ နာရီတွင် ဝတ်ရွတ်ပူဇော်ခြင်းနှင့် ညနေ ၆ နာရီမှ စတင်၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စ အကျိုးဆောင်အသင်းများက စေတီတော်ရင်ပြင်တော်တွင် ဆီမီးများ ထွန်းညှိပူဇော်မည်ဖြစ်ပါ၍ ရဟန်းရှင် လူ ပြည်သူအများ ပါဝင် ကုသိုလ်ပြုနိုင်သည်။

 

အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)  နံနက် ၉ နာရီခွဲတွင် သီလပေးပွဲမှ စတင်ကာ မွန်းလွဲ ၁ နာရီတွင် (အဘိဓမ္မာအခါတော်နေ့) ဝတ်ရွတ်ပူဇော်ပွဲကို အာရုံခံ တန်ဆောင်းအပေါ်ထပ်၌ ဝတ်အသင်းသူ/သားများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။                                 

 

သတင်းစဉ်