မိဘမေတ္တာဖွဲ့ ရှေ့သွားနောက်လိုက် ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မည်

ကိုလင်း

သရုပ်ဆောင် မိုးဟေကို၏ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ ၂၀၁၆ ခုနှစ်ကပင် စတင် ရိုက်ကူးထုတ်လုပ်ထားခဲ့သော မိဘမေတ္တာဖွဲ့ ဇာတ်လမ်းပုံစံ ဖော်ကျူးထားသည့် ရှေ့သွားနောက်လိုက် ရုပ်ရှင်ဇာတ်ကားကို မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် စက်တင်ဘာ ၂၆ ရက်မှစ၍ ရုံတင်ပြသမည်ဟု သိရသည်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က “ဒီကား လေးရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ လူငယ်တွေဟာ လူငယ်အလျောက်ပေါ့၊ ပျော်တဲ့ကိစ္စလေးတွေ ဦးစားပေးတာ များသွားတာရှိမယ်။ အလုပ်ကိစ္စတွေလည်းများမယ်၊ အဲဒီအချိန်မှာ ကိုယ့်ရဲ့မိဘတွေကို မေ့လျော့နေတာလေးတွေ ရှိမယ်လို့ တွေးမိတယ်။ အဲဒါလေးတွေကို ပြန်ပြီးတော့ သတိရသွားစေချင်တယ်။ ကိုယ့်ရဲ့မိဘနှစ်ပါး ကို အနီးအနားမှာထားပြီး ကျေးဇူးဆပ်စေချင်တယ်။ အဲဒီ အိုင်ဒီယာလေးတစ်ခုနဲ့ ဒီဇာတ်ကို လုပ်ဖြစ်တာပါ။ ကျွန်တော်လိုချင်တဲ့နေရာတွေမှာ သရုပ်ဆောင်တွေ နားလည်အောင် ကျွန်တော် ဖြစ်ချင်တဲ့ အကြောင်းအရာမျိုးကို ကျွန်တော်ကိုယ်တိုင် လုပ်ပြတယ်။ ဒီအပေါ်မှာမှ သူတို့ရှိတဲ့ အနုပညာကို ထပ်ပြီး ပူးပေါင်းလိုက်တဲ့သဘောပါ။ အသေးစိတ်ဖန်တီးတယ်ဆိုတာက ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကားတွေမှာ နည်းနည်းများ ပျောက်နေသလားလို့ ခံစားမိ တယ်” ဟု ပြောသည်။

အဆိုပါ ဇာတ်ကားသည် ဟန်းကော့၏ ဇာတ်လမ်းကို နေစိုးသော် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးကာ သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီထွန်းထွန်း၊ နေမင်း၊ အလင်းရောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ မိုးပြည့်ပြည့်မောင်၊ ရွှေသမီး၊ သွန်းဆက်၊ ရတနာဗိုလ်၊ မှူးသခင်ကိုနှင့် ကြယ်ဖြူရှင်းသန့်တို့ ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။

မြန်မာ့အလင်း