မိဘတွေရဲ့ရန်ပွဲကြား ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝမှာ

၂၆  အောက်တိုဘာ 

ဖေဖေနဲ့မေမေ အဆင်ပြေကြရင် သိပ်ကောင်းမှာပဲလို့တွေးနေမိတဲ့ ကလေးတစ်ယောက်ရဲ့ ဆန္ဒကိုမြင်နိုင်ကြပါ့မလား။ သဘောထားမတိုက်ဆိုင်လို့၊ စီးပွားရေးအဆင်မပြေလို့၊ အသစ်တွေ့လို့၊မေတ္တာခန်းလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရန်ဖြစ်နေကြမှာပါပဲ။ ဒီနေရာမှာ အထိခိုက်ဆုံးသူဟာ မိဘရဲ့ရန်ပွဲအလယ်မှာ ရှိနေတဲ့ ကလေးတွေပဲ ဆိုတာမေ့မထားကြပါနဲ့နော်။

မိသားစုပြဿနာတွေနဲ့ကြီးပြင်းလာတဲ့ကလေးတွေကို စစ်တမ်းယူခဲ့တဲ့ တချို့လေ့လာမှုတွေက ပြောတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ကလေးတွေအတွက် ဖြစ်လာတဲ့ရလဒ်က မိဘကွာရှင်းလိုက်လို့ခံစားရတဲ့အကျိုးဆက်ထက် ပိုဆိုးပါတယ်တဲ့။

တချို့မိဘတွေက မမေ့ပါဘူး။ ကလေးအတွက် စဉ်းစားပြီး အဆင်မပြေတဲ့ အိမ်ထောင်ကိုပြန်ပေါင်းစည်းဖို့ကြိုးစားကြတယ်။ မိသားစုပြန်ပေါင်းစည်းသွားရင်ကောင်းပေမယ့် သိပ်ကိုကွဲအက်သွားတဲ့ဆက်ဆံရေးမျိုးဆိုရင်တော့ အတင်းအကျပ်ပြန်ချည်နှောင်တာဟာ နောက်ဆုံးတော့ ကလေးကိုထိခိုက်နိုင်ပါတယ်။ ဘာလို့ဆို အဖေနဲ့ အမေ ရဲ့ တစ်ယောက်ကိုတစ်ယောက်ထိုးနှက်မှုတွေ၊ မကျေလည်မှုတွေဟာ သူတို့အလယ်မှာရှိနေတဲ့ ကလေးကိုပဲ ထိုးစိုက်မိမှာ မို့လို့ပါပဲ။ ပြန်ညှိနှိုင်းယူလို့မရနိုင်တော့တဲ့ ဆက်ဆံရေးဖြစ်နေပြီဆိုရင်တော့ ခွဲနေလိုက်တာ အကောင်းဆုံးပါပဲ။

လူကြီးတွေရဲ့ပြဿနာကိုသေချာနားမလည်သေးတဲ့ ကလေးတစ်ယောက်ရဲ့အမြင်မှာ ဝမ်းနည်းမှုတွေ၊ ကြောက်စိတ်တွေ၊ ခိုကိုးရာမဲ့တာတွေ၊ပျော်ရွှင်မှုနည်းလာတာတွေ၊ မကောင်းတဲ့ သက်ရောက်မှုတွေ ဖိစီးနေမှာသေချာပါတယ်။ မိဘအဆင်မပြေရင် ဒီကလေး အရွယ်ရောက်လာတဲ့အခါ ဘယ်လိုရလဒ်တွေဖြစ်လာမလဲ မေမေတို့ သိရဲ့လား ….

ဒီလိုနဲ့ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက –

(၁) ရင်းနှီးချစ်ခင်ရမှာ ကြောက်တယ်

သူအရင်းနှီးဆုံးကြုံတွေ့ခဲ့ရတဲ့ မိဘတွေရဲ့ဆက်ဆံရေးကနောက်ဆုံးမှာ မကောင်းတဲ့အနေအထား တစ်ခုကို ရောက်နေခဲ့တာ၊ မိသားစုထဲမှာ ချစ်ခင်မှုနဲ့မေတ္တာတွေကို မမြင်တွေ့ရတဲ့ကလေးက တခြားသူတွေကို ချစ်ခင်ဖို့ မရဲတော့ပါဘူး။ပေါင်းသင်းဆက်ဆံရေးမှာ မဝံ့မရဲနဲ့ သူငယ်ချင်းလည်းမရှိ၊ ချစ်ခင်မှုတွေကိုလည်း မယုံကြည်တော့ပါဘူး။ မိသားစုမှာလိုမျိုး နောက်တစ်ကြိမ် မခံစားချင်တော့ဘူးလေ။

(၂) အိမ်မှာနေရင် တင်းမာမှုတွေပဲဖြစ်လာတယ်

အဖေနဲ့အမေက ကလေးရှေ့မှာ မကြာခဏစကားများတဲ့အခါ အိမ်မှာနေရတာ တင်းမာမှုအငွေ့အသက်တွေခံစားမိလာမယ်၊ အိမ်က မအေးချမ်းဘဲ ပူလောင်တဲ့နေရာအဖြစ် ကလေးစိတ်ထဲစွဲသွားပါလိမ့်မယ်။ နည်းနည်းလေးအရွယ်ရောက်လာတာနဲ့ အိမ်ပြင်ထွက်ဖို့ပဲ လမ်းရှာနေမယ်၊ အိမ်မပြန်ချင်ဘူး၊ပြန်လာရင် အရွဲ့တိုက်တာမျိုး ကလေးရဲ့တုံ့ပြန်ပုံကပါ တင်းမာလာပါလိမ့်မယ်။

(၃) စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာတယ်

ဒီအပိုင်းမှာ သမီးမိန်းကလေးတွေက သားယောကျာ်းလေးတွေထက် ခံစားချက်ပိုပြင်းထန်တတ်တယ် ဆိုပေမယ့် ထိခိုက်ခံစားရတာတော့ တူတူပါပဲ။ ကလေးဆိုတာ နဂိုကမှ စိတ်အားငယ်တတ်၊ မလုံခြုံစိတ်ပိုခံစားရလွယ်တဲ့အတွက်နွေးထွေးမှုထက် အမြဲတစေ ရန်ပွဲတွေ၊ စကားနာထိုးတာတွေပဲ မြင်နေရတဲ့အခါ စိတ်ထဲလုံခြုံမှုမခံစားရတော့ပါဘူး။ သေချာဂရုစိုက်တယ် ဆိုရင်တောင် မိဘတွေအဆင်မပြေတာကို ကလေးတွေက သိနေနိုင်တဲ့အတွက် ကြာလာရင် ဆိုးကျိုးတွေဖြစ်လာမှာ စိုးရပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းလာတယ်

စကားများရန်ဖြစ်လေ့ရှိတဲ့၊ အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာတဲ့ကလေးက သူ့ကိုယ်သူ အရေးပါတဲ့လူတစ်ယောက်အဖြစ် မခံစားမိတော့ပါဘူး။နောက်ပိုင်းမှာ မဝံ့မရဲနဲ့ မလုပ်ရဲမကိုင်ရဲနဲ့ ဖွံ့ဖြိုးမှုမှာ အဖုအထစ်ဖြစ်စေနိုင်တယ်။ ကိုယ့်ကို မိဘတွေကချစ်လားမချစ်လားတောင် သံသယအမြဲရှိနေပြီး သိမ်ငယ်စိတ်ဝင်စေနိုင်ပါတယ်။

(၅) အပြုအမူပိုင်း ပြဿနာရှိလာနိုင်တယ်

မိသားစုချင်းအဆင်မပြေတဲ့ အိမ်မှာနေရတာက ကလေးအတွက် ခါးသက်တဲ့အတွေ့အကြုံတွေကို အစောကြီးထိတွေ့စေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုကလေးတွေမှာ အပြုအမူပိုင်းပြဿနာရှိနေတာ တခြားကလေးတွေနဲ့ယှဉ်ရင် သိသာပါတယ်။ သူတို့ကြုံတွေ့ရတဲ့ပြဿနာကို ဘယ်လိုတုံ့ပြန်ရမှန်းမသိလို့ ကလေးရဲ့ဖွံ့ဖြိုးမှု၊ သင်ယူလေ့လာမှုပိုင်းမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အကြမ်းဖက်တာတွေတွေ့ရတယ်ဆို သူတို့အပေါ် သက်ရောက်မှုဒဏ်ကမသေးသလို ကလေးရဲ့အကျင့်စရိုက်မှာ အမည်းစက်ဖြစ်စေနိုင်ပါတယ်။

(၆) စိတ်အတက်အကျပြဿနာ

ပျော်စရာမကောင်းတဲ့အိမ်မှာ မဖြစ်မနေနေထိုင်နေရတဲ့ ကလေးရဲ့စိတ်မှာ ခံစားချက်ကမတည်ငြိမ်နိုင်မှာသေချာပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကိုတောင် သူတို့ရဲ့တုံ့ပြန်မှု၊ ခံစားမှုကပြင်းထန်နေတတ်တယ်၊ အခန်းအောင်းပြီး ခံစားနေတတ်တယ်။

ဒါ့ကြောင့် အဖေနဲ့အမေဖြစ်လာပြီဆို ဘယ်လိုပြဿနာပဲရှိလာပါစေ ကလေးအတွက်စဉ်းစားပါ။ စဉ်းစားရာမှာ ကလေးအတွက်ဆိုပြီး အဆင်မပြေတာကို အောင့်အည်းသည်းခံတာတွေက ကလေးအတွက်ပိုပြီးအဆိပ်အတောက်ဖြစ်စေတာကိုလည်း မမေ့ပါနဲ့။ ညှိနှိုင်းလို့ရတဲ့အိမ်ထောင်ရေးကိုဆို ရအောင်ကြိုးစားသင့်တာမှန်ပါတယ်။ တကယ်လို့ အက်ကြောင်းထင်ပြီးသား ဘယ်လိုမှပြန်မပေါင်းစည်းနိုင်တော့တဲ့ ဆက်ဆံရေးဆိုရင်တော့ အတင်းပြန်မချည်နှောင်ဘဲ ကွာရှင်းလိုက်တာကမှ ကလေးအတွက် ဒီဆိုးကျိုးတွေမဖြစ်စေတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဘက်စုံကနေ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်။

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”