မီးဘေးသင့်နေသည့် ကယ်လီဖိုးနီးယား၌ အရေးပေါ်ရန်ပုံငွေဖြတ်တောက်မည်ဟု ထရမ့်သတိပေး

ကယ်လီဖိုးနီးယား ၅  နိုဝင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒအပေါ် ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူး တစ်ဦးက ဝေဖန်ခဲ့ပြီးနောက် ထရမ့်သည် မီးဘေးသင့်နေသည့် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖက်ဒရယ် အထောက်အကူပြုရန်ပုံငွေကို ဖြတ်တောက်မည်ဟု နိုဝင်ဘာ ၄ ရက်တွင် ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အကြာက အနောက်ပိုင်းပြည်နယ်၌ မြေဧကပေါင်း တစ်သိန်းနီးပါး ဟက်တာ ၄၀၀၀၀ ခန့် တောမီးလောင်ခံခဲ့ရပြီး မီးသတ်ကယ်ဆယ်ရေးအဖွဲ့သားများသည် လော့စ်အိန်ဂျလိစ်အနောက် မြောက်ဘက်မှ မိုင်ပေါင်း ၆၀ (ကီလိုမီတာ ၁၀၀ အကွာ) ခန့်ရှိ တောမီးကို ငြိမ်းသတ်နိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ရသည်။ ။

ပြီးခဲ့သည့်နှစ်က ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် တောမီးလောင်မှုကြောင့် လူ ၈၆ ဦးသေဆုံးခဲ့ပြီးနောက် သမ္မတထရမ့်က အုပ်ချုပ်ရေးမှူး ဗင်နယူဆမ်ကို စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟုဆိုကာ အပြစ်တင်ခဲ့သည်။ နှစ်စဉ် နှစ်တိုင်းလိုလို ကယ်လီဖိုးနီးယား တောမီးလောင်မှုသည် တစ်ထပ်တည်း တူညီစွာဖြစ်ပွားနေပြီး ထိုသို့ လောင်ကျွမ်းလာပြီဆိုလျှင် အုပ်ချုပ်ရေးမှူးသည် ငွေကြေးအကူအညီ တောင်းခံရန်အတွက် အစိုးရထံသို့ လာရောက်ကြောင်း သမ္မတထရမ့်က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

သမ္မတထရမ့်၏ ရေးသားဖော်ပြမှုကို ရယူဆမ်က သမ္မတထရမ့်သည် ရာသီဥတုပြောင်းလဲမှုကို မယုံကြည်သူဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ရီပတ်ဗလစ်ကန်အစိုးရ၏ တွေဝေနှောင့်နှေးမှုအပေါ်ဝေဖန်ခဲ့သည်။ ထိုသို့ ဝေဖန်ခဲ့ပြီးနောက်တွင် သမ္မတထရမ့် ကကယ်လီဖိုးနီးယားတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှုအတွက် သုံးစွဲနေသည့် အရေးပေါ်ဖက်ဒရယ် အထောက်အကူပြုရန်ပုံငွေကို ဖြတ်တောက်ပစ်မည်ဟုဆိုကာ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ