မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ပါက ဆက်သွယ်နိုင်သည့် 191 မိုဘိုင်းလ်အက်ပလီကေးရှင်း

မိုးယံ

မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျှင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးအကူအညီရယူနိုင်ရန် 191 Application ကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က အများပြည်သူသို့ စတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

ICT နည်းပညာအသုံးပြု

191 Report Mobile Application သည် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များကို ခေတ်နှင့်အညီ ICT နည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရန်၊ အကူအညီတောင်းခံလာသည့် သတင်းပေးပို့ချက်များအား မီးသတ်ဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို အားကိုးယုံကြည်မှုရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာတွင် ICT နည်းပညာဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးဆွဲထားရှိသော Mobile Application တစ်ခုဖြစ်သည်။

အဆိုပါ 191 Report Mobile Application ကို အသုံးပြုနိုင်ရန် ပထမဦးစွာ Google Play Store နှင့် Apple Store တို့မှ Download ပြုလုပ်ကာ မိမိဖုန်းတွင် Install ပြုလုပ်ရမည်ဖြစ်ပြီး အသုံးပြုရန်အတွက် မိမိဖုန်း၏ Location နှင့် ဓာတ်ပုံဗီဒီယို ရိုက်ကူးနိုင်ရန် Camera အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။
ထို့ပြင် ဘာသာစကားရွေးချယ်ပြီး မိမိဖုန်းနံပါတ် ထည့်သွင်းကာ Verify Code တောင်းခံရမည်ဖြစ်သည်။ ရောက်ရှိလာသည့် Code ကို ဖြည့်သွင်းပြီး အမည်နှင့်မှတ်ပုံတင်ဖြည့်စွက်ကာ အကောင့်ပြုလုပ်ရမည်ဖြစ်သည်။

အကောင့် Registration ပြုလုပ်ပြီးပါက Camera မြင်ကွင်းပေါ်လာမည်ဖြစ်ပြီး မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြင်ကွင်းကို Camera ဖြင့်ရိုက်ပြီး မြားကိုနှိပ်၍ ပေးပို့အကြောင်းကြားကာ အကူ အညီတောင်းခံနိုင်မည်ဖြစ်သည်။

(၂၄)နာရီ စောင့်ကြည့်လျက်ရှိ

191 Report Mobile Application မှတစ်ဆင့် ပြည်သူများ သတင်းပေးပို့ လာမှုအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ Command and Control Center က (၂၄) နာရီ စောင့်ကြည့်လျက်ရှိပြီး သတင်းပေးပို့လာပါက ပေးပို့လာသော ဖုန်းနံပါတ်သို့ ပြန်လည်ဆက်သွယ် မေးမြန်းပြီး ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် မူတည်၍ အခင်းဖြစ်ပွားရာနေရာနှင့် အနီးဆုံးမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ အမြန်ဆုံးစေလွှတ်ကာ အကူ အညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးများတွင် Com- mand and Control Center (ခွဲ) များ တည်ဆောက်ထားရှိပြီး မီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မီးသတ်ဦးစီးမှူးရုံး များတွင်လည်း Command and Control Center များ တိုးချဲ့တည်ဆောက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် 191 Report Mobile Application ကို အများပြည်သူ ပိုမိုသိရှိ အသုံးပြုနိုင်စေရေးအတွက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် ဇန်နဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ လက်တွေ့မိတ်ဆက်ပြသပေးခဲ့ရာ အကောင့်ဖွင့်လှစ် Register ပြုလုပ်သူ အရေအတွက် နှစ်ထောင်ဝန်းကျင်ရှိခဲ့ပြီး ယနေ့အချိန်အထိ 191 Report Mobile Application ကို Register ပြုလုပ်သူအရေအတွက် တစ်သောင်းရှစ်ထောင် ရှစ်ရာငါးဆယ့်တစ်ဦး ရှိလာခဲ့သည်။

ဆက်သွယ်အကူအညီတောင်းခံရန် မေ့လျော့နေတတ်ကြ

မိမိနှင့် မိမိပတ်ဝန်းကျင်တွင် မီးလောင်မှုအပါအဝင် ယာဉ်မတော်တဆမှု၊ တိုက်ပြိုမှု၊ နေအိမ်များအတွင်းသို့ မြွေဝင်ရောက်မှုအစရှိသည့် ဘေးအန္တရာယ် ဖြစ်ပွားကြုံတွေ့ရမှု ဖြစ်စဉ်များတွင် စိုးရိမ်ထိတ်လန့်နေသည့်အတွက် ဆက်သွယ်အကူအညီတောင်းခံရန် မေ့လျော့နေတတ်ကြသည်။

ယခုကဲ့သို့ မိုဘိုင်းလ်အက်ပလီ ကေးရှင်းတစ်ခုအဖြစ် ပြည်သူများ လက်ဝယ်တွင်ရှိနေပါက အင်တာနက် ချိတ်ဆက်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မည်သည့်နေရာမှမဆို မီးသတ်ဦးစီးဌာနသို့ လွယ်လင့်တကူ သတင်းပေးပို့ အကူအညီတောင်းခံနိုင်မည်ဖြစ်သည်။ မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေး ဖြစ်စဉ်များအား ပြည်သူများက 191 Report Mobile Application ကို အသုံးပြု၍ သတင်းပေးပို့ အကူအညီတောင်းခံသည့် အကြိမ်အရေအတွက် ယနေ့အချိန်အထိ ၆၃ ခုရှိသည်။

မီးသတ်ဦးစီးဌာနအနေဖြင့်လည်း အချိန်နှင့်နေရာကို တိကျစွာသိရှိပြီဖြစ်သည့်အတွက် မြန်ဆန်ထိရောက်သည့် ကူညီကယ်ဆယ်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဆက်သွယ်အကူအညီ တောင်းခံရန် နောက်မကျတော့ဘဲ မီးဘေးကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ ယာဉ်မတော် တဆမှုများကြောင့်ဖြစ်စေ မလိုလားအပ်သော ဆိုးကျိုးများ၊ နစ်နာဆုံးရှုံးမှုများကို တားဆီးပေးနိုင်သည့်အတွက် 191 Report Mobile Application သည် ပြည်သူလူထုအတွက် အကျိုးရှိထိရောက်သဖြင့် သုံးစွဲသင့်သည့် အက်ပလီကေးရှင်း တစ်ခုလည်းဖြစ်သည်။

ထို့ပြင် မီးသတ်ဦးစီးဌာန၏ မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုသတင်းများကို ဖတ်ရှုနိုင်ခြင်း၊ တစ်နိုင်ငံလုံးရှိ မီးသတ်စခန်းများ၏ ဖုန်းနံပါတ်များနှင့် လိပ်စာများအား တစ်နေရာတည်းတွင် စုစည်းပေးထား ခြင်းတို့ကြောင့်လည်း ယနေ့ခေတ်၌ လူတိုင်း၏ လက်ဝယ်တွင်ရှိနေသည့် မိုဘိုင်းလ်ဖုန်းများတွင် မဖြစ်မနေ ဆောင်ထားသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။