မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ပါက ဆက်သွယ်နိုင်သည့် 191 မိုဘိုင်းအက်ပလီကေးရှင်း

မိုးယံ

မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျှင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေး အကူအညီ ရယူနိုင်ရန် 191 Application ကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က  အများပြည်သူသို့ စတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

191 Report Mobile Application သည် ပြည်သူ များ နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များကို ခေတ်နှင့်အညီ ICT နည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့အကူအညီတောင်းခံနိုင်ရန်၊ အကူအညီ တောင်းခံလာသည့် သတင်းပေးပို့ချက်များအား မီးသတ်ဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏  ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအား အားကိုးယုံကြည်မှု ရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့်ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရာတွင် ICT နည်းပညာဖြင့် အထောက်အကူဖြစ်စေ ရန် ရည်ရွယ်ရေးဆွဲထားရှိသော Mobile Appli-cation တစ်ခုဖြစ်သည်။

အဆိုပါ 191 Report Mobile Application ကို အသုံးပြုနိုင်ရန် ပထမဦးစွာ Google Play Store နှင့် Apple Store တို့မှ Download ပြုလုပ် ၍ မိမိဖုန်းတွင် Install ပြုလုပ်ရမည်ဖြစ်ပြီး အသုံးပြုရန်အတွက် မိမိဖုန်း၏ Location နှင့် ဓာတ်ပုံ ဗီဒီယိုရိုက်ကူးနိုင်ရန်  Camera အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

ထို့ပြင် ဘာသာစကားရွေးချယ်ပြီး မိမိဖုန်းနံပါတ်ထည့်သွင်းကာ Verify Code တောင်းခံရမည် ဖြစ်သည်။ ရောက်ရှိလာသည့် Code ကို ဖြည့်သွင်း ပြီး အမည်နှင့် မှတ်ပုံတင်ဖြည့်စွက်ကာ အကောင့်ပြုလုပ်ရမည်ဖြစ်သည်။

အကောင့် Registration ပြုလုပ်ပြီးပါက Camera မြင်ကွင်းပေါ်လာမည်ဖြစ်ပြီး မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြင်ကွင်းကို Camera ဖြင့်ရိုက်ပြီး  မြားကိုနှိပ်၍  ပေးပို့အကြောင်းကြားကာ အကူအညီ တောင်းခံနိုင်မည်ဖြစ်သည်။

191 Report Mobile Application မှ တစ်ဆင့် ပြည်သူများ သတင်းပေးပို့လာမှုအား  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ Command and Control Center မှ ၂၄ နာရီ စောင့်ကြည့်လျက်ရှိပြီး သတင်း ပေးပို့လာပါက ပေးပို့လာသော ဖုန်းနံပါတ်သို့  ပြန်လည်ဆက်သွယ်မေးမြန်းပြီး ဖြစ်စဉ်ဖြစ်ပွားမှု အပေါ်မူတည်၍  အခင်းဖြစ်ပွားရာနေရာနှင့် အနီးဆုံးမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ အမြန်ဆုံးစေလွှတ် ကာ အကူအညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံးများတွင် Command and Control Cen-ter (ခွဲ)များ တည်ဆောက်ထားရှိပြီး မီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ မီးသတ်ဦးစီးမှူးရုံးများတွင်လည်း Command and Control Center များ တိုးချဲ့တည်ဆောက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် 191 Report Mobile Application ကို အများပြည်သူပိုမိုသိရှိ အသုံးပြုနိုင်စေရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထဲ ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ လက်တွေ့မိတ်ဆက်ပြသပေး ခဲ့ရာ  အကောင့်ဖွင့်လှစ် Register ပြုလုပ်သူအရေ အတွက် ၂၀၀၀ ဝန်းကျင်ရှိခဲ့ပြီး  ယနေ့အချိန်ထိ 191 Report Mobile Application ကို Register ပြုလုပ်မှုအရေအတွက် ၁၈၈၅၁ ခု ရှိလာခဲ့သည်။

မိမိနှင့် မိမိပတ်ဝန်းကျင်တွင် မီးလောင်မှုအပါ အဝင် ယာဉ်မတော်တဆမှု၊ တိုက်ပြိုမှု၊ နေအိမ်များ အတွင်းသို့ မြွေဝင်ရောက်မှုအစရှိသည့် ဘေးအန္တရာယ်  ဖြစ်ပွားကြုံတွေ့ရမှုဖြစ်စဉ်များတွင် စိုးရိမ်ထိတ်လန့် နေသည့်အတွက် ဆက်သွယ်အကူအညီတောင်းခံ ရန် မေ့လျော့နေတတ်ကြသည်။

ယခုကဲ့သို့  မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု အဖြစ် ပြည်သူများလက်ဝယ်တွင်ရှိနေပါက အင်တာနက်ချိတ်ဆက်ကာ မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ မည်သည့်နေရာမှမဆို မီးသတ်ဦးစီးဌာနသို့ လွယ်လင့်တကူ သတင်းပေးပို့ အကူအညီတောင်းခံ နိုင်မည်ဖြစ်သည်။ မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ် ရေးဖြစ်စဉ်များတွင် ပြည်သူများက  191 Report Mobile Application အား အသုံးပြု၍ သတင်းပေးပို့ အကူအညီတောင်းခံသည့် အကြိမ်အရေအတွက် ယနေ့အချိန်ထိ ၆၃ ခုရှိသည်။

မီးသတ်ဦးစီးဌာနအနေဖြင့်လည်း  အချိန်နှင့် နေရာကို တိကျစွာသိရှိပြီဖြစ်သည့်အတွက် မြန်ဆန် ထိရောက်သည့် ကူညီကယ်ဆယ်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့်  ဆက်သွယ်အကူအညီတောင်းခံ ရန်  နောက်မကျတော့ဘဲ မီးဘေးကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ ယာဉ် မတော်တဆမှုများကြောင့်ဖြစ်စေ မလိုလားအပ် သော ဆိုးကျိုးများ၊ နစ်နာဆုံးရှုံးမှုများကို တားဆီးပေးနိုင်သည့်အတွက် 191 Report Mobile Appli-cation သည်  ပြည်သူလူထုအတွက် အကျိုးရှိ ထိရောက်သဖြင့် သုံးစွဲသင့်သည့် အက်ပလီကေးရှင်း တစ်ခုလည်းဖြစ်သည်။

ထို့ပြင် မီးသတ်ဦးစီးဌာန၏  မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု  သတင်းများ အား ဖတ်ရှုနိုင်ခြင်း၊ တစ်နိုင်ငံလုံးရှိ မီးသတ်စခန်းများ၏  ဖုန်းနံပါတ်များနှင့် လိပ်စာများအား တစ်နေရာတည်းတွင် စုစည်းပေးထားခြင်းတို့ကြောင့်လည်း ယနေ့ခေတ်တွင်  လူတိုင်း၏လက်ဝယ်၌ရှိနေသည့် မိုဘိုင်းဖုန်းများတွင် မဖြစ်မနေ ဆောင်ထားသင့်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။        ။