မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်များ မီးကူးစက်‌လောင်ကျွမ်းမှု ဖြစ်ပွား

သထုံ  ၁  ဖေဖော်ဝါရီ   

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုအပိုင်းတွင် ဖေဖော်ဝါရီလ နံနက် ၁ နာရီအချိန်က မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၁၁ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိမ်ဆိပ်ရပ်ကွက် မင်းတဲစုပိုင်းရှိ အ‌ဟောင်းဆိုင်လုပ်ငန်းလုပ်ကိုင်သူ ဦးရွှေဟန်(ခ) ဦးမုတ်ဆိတ် (၈၂)နှစ်၏ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၁၁ လုံးသို့ ကူးစက်‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သထုံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများတို့က ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်ခန့်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အလျား ပေ ၂၀ ၊ အနံ ၁၅ ပေခန့်ရှိ သွပ်မိုး၊ ထရံကာ နေအိမ် ၂ လုံးနှင့် တဲအိမ် ၉ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

သက်ဦး(သထုံ)