မီးတောင်ပေါက်ကွဲမှုများ နောက်ထပ်ဖြစ်ပေါ်လာနိုင်သဖြင့် ဖိလစ်ပိုင်တာဝန်ရှိသူများက သတိပေးပြောကြား

၁၆ ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အနီးရှိ မီးတောင်တစ်လုံးတွင် လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်ကာ ထပ်မံ ပေါက်ကွဲနိုင်သဖြင့် ပြည်သူများကို ဖိလစ်ပိုင် တာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။

 

မနီလာမြို့တော်မှ ၆၀ ကီလိုမီတာအကွာ လုဇွန်ကျွန်းရှိ တားလ်မီးတောင်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ထိုမီးတောင်ခြေရင်းအနီးအနားတွင် စုပုံလာသော ပြာမှုန်များကြောင့် စိုက်ပျိုးရေးထုတ်ကုန်များစွာ ပျက်စီးခဲ့ရပြီး လူပေါင်း ၄၃၀၀၀ ခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ခိုလှုံခဲ့ကြသည်ဟု အာဏာပိုင်များက ဆိုသည်။

 

အဆိုပါ မီးတောင်အနီးရှိ မြေပြင်ပေါ်တွင် အက်ကြောင်းအတော်များများ တွေ့ရှိရသည်ဟု ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဆိုင်ရာအသင်းက ယမန်နေ့က ပြောကြားခဲ့သည်။

 

မီးတောင်ငလျင်လှုပ်ခတ်မှု ၅၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်သောကြောင့် ထိုဖိလစ်ပိုင်အသင်း တာဝန်ရှိသူများက ၎င်းငလျင်ကို သတိပေးချက်အဆင့် လေး အဖြစ် ဆက်လက်သတ်မှတ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို