မီးတောင်ပေါက်ကွဲပြီး ၂၄ နာရီကျော်ကြာပြီးချိန်ထိ ရှစ်ဦးပျောက်ဆုံးနေဆဲ

၁၀ ဒီဇင်ဘာ

 

နယူးဇီလန်နိုင်ငံက White Island မီးတောင်ပေါက်ကွဲမှုဟာ ၂၄ နာရီကျော်ကြာပြီးတဲ့အချိန်မှာ  ပျောက်ဆုံးသူ ရှစ်ဦးရှိနေပြီး ငါးဦးသေဆုံးကြောင်း သိရပါတယ်။ ပျောက်ဆုံးနေသူများရဲ့ ကမ္ဘာတစ်ဝန်းက မိသားစုဝင်တွေက အခုချိန်ထိ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

 

မီးတောင်ပေါက်ကွဲမှုကြောင့် ၁၃ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးနေဆဲလို့ ပြောနိုင်ပေမယ့် အဲဒီကျွန်းပေါ်မှာရှိတဲ့ မီးတောင်ဟာ နောက် ၂၄ နာရီအတွင်းမှာ ထပ်မံပေါက်ကွဲနိုင်သေးကြောင်း သိပ္ပံပညာရှင်များက ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းနဲ့ ခန့်မှန်းထားပါတယ်။

 

မီးတောင်ပေါက်ကွဲရာကျွန်းရဲ့ အခြေအနေကို လေ့လာရန် ဒရုန်းများလွှတ်တင်ပြီး အဆိပ်ငွေ့အခြေအနေကို တိုင်းထွာပြီး ကယ်ဆယ်ရေးလွှတ်ရန် ဆုံးဖြတ်ဖို့ ကြိုးစားနေပေမယ့် လေတိုက်နှုန်းများပြီး ပျံသန်းရန် စိတ်ချရတဲ့အခြေအနေ မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

 

ကျွန်းပေါ်မှာကျန်ရှိနေတဲ့ လူတွေကို ၁၀ဝ ရာခိုင်နှုန်း မပြောချင်ပေမယ့် အသက်ရှင်ဖို့ အင်မတန်ခက်ခဲကြောင်း ဒုရဲချုပ်က ပြောပါတယ်။

 

မီးတောင်ပေါက်ကွဲချိန်မှာ ကျွန်းပေါ်ကို လူ ၄၇ ဦး ရောက်ရှိနေရာ ၃၄ ဦး အသက်ရှင်ကြောင်း သိရပါတယ်။ အသက်ရှင်သူတွေထဲ ၂၇ ဦးရဲ့ ခန္ဓာကိုယ်ရှိ ၇၁ ရာခိုင်နှုန်းကျော်ဟာ အရေပြားလောင်ခဲ့တဲ့အတွက် နယူးဇီလန်ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။

 

ကျွန်းပေါ်ကို ရောက်ရှိနေတဲ့ ၄၇ ဦးဟာ သြစတြေးလျနိုင်ငံသား၂၄ ဦး၊ အမေရိကန် ၉ဦး၊ ဗြိတိန် ၂ ဦး၊ တရုတ် ၂ ဦး၊ ဂျာမန်၄ ဦး၊ မလေးရှား ၁ ဦးနဲ့ နယူးဇီလန် ၅ ဦး တို့ဖြစ်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP