မိခင်နို့နဲ့ ဓါတ်မတည့်တဲ့ ကလေး ရှိလား

၂၈  အောက်တိုဘာ

 

မေမေတို့ရဲ့အသွေးအသားကနေ ဖြစ်တည်လာတဲ့ နို့ရည်ကဘေဘီတို့အတွက် နတ်သုဒ္ဓါပါပဲ။ အစာအာဟာရတွေ မရနိုင်သေးတဲ့ ကလေးလေးတွေအတွက်ပြီးပြည့်စုံတဲ့အာဟာရဓါတ်တွေကို တစုတည်းရရှိနိုင်တဲ့ အလွယ်ကူဆုံးအရင်းအမြစ်ပါနော်။ နို့ရည်မှာပါတဲ့အာဟာရဓါတ်တွေက ကလေးရဲ့ကျန်းမာရေး၊ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကိုယ်ခံအားစနစ်တို့အတွက် အကျိုးကျေးဇူး သိပ်ကိုများပါတယ်။ မေမေတို့ရဲ့သွေးထဲမှာလည်ပတ်နေတဲ့အာဟာရဓါတ်တွေက နို့ရည်အဖြစ် ပြောင်းလဲရောက်ရှိသွားတာဖြစ်တဲ့အတွက်မေမေတို့က အာဟာရပြည့်တာပိုစားလေ ကလေးဆီကို ပိုရောက်နိုင်လေဖြစ်ပါတယ်။ အလားတူပဲ ကျန်းမာရေးနဲ့မညီတာစားရင်တော့ ကလေးမှာ ဝေဒနာသက်ရောက်နိုင်ပါတယ်။

 

ဒီရက်ပိုင်း Hello ဆရာဝန်မှာမေးတဲ့သူရှိလာခဲ့တယ်။ ကလေးက မိခင်နို့နဲ့ ဓါတ်မတည့်တာဖြစ်နိုင်လားတဲ့။ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့နဲ့မတည့်တာ မဟုတ်ပါဘူး။ မေမေစားလိုက်တဲ့ အစားအသောက်ထဲ ကလေးနဲ့ဓါတ်မတည့်တာပါတဲ့အချိန်မှာ ဓါတ်မတည့် လက္ခဏာ ဖြစ်လာနိုင်တာပါ။ ဖြစ်ခဲတယ်ဆိုပေမယ့် တချို့မေမေတွေက သတိထားမိကြတယ်၊ အစားတခုခုကိုစားမိပြီးနို့တိုက်လိုက်တဲ့နောက်ပိုင်း ကလေးမှာလက္ခဏာ တွေ့လာတတ်တယ်လေ။

 

ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ

 

နို့စို့အရွယ်ကလေးတွေမှာ တွေ့ရများတဲ့ အစားအစာဓါတ်မတည့်မှုလက္ခဏာတွေက အရေပြားနီမြန်းတာ၊ အဖုအပိန့်တွေထွက်တာ၊ အင်ပြင်ထွက်တာ၊ နှာချေတာ၊ နှာခေါင်းလမ်းကြောင်း ပိတ်ဆို့တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာတွေပါဝင်ပါတယ်။

 

 

ဘာလုပ်ရမလဲ

 

နို့စို့ကလေးလေးမှာ ဒီလိုလက္ခဏာတွေသတိထားမိတယ်ဆိုရင် ဆရာဝန်ပြဖို့ကတော့ အရင်ဆုံးလုပ်ရမှာပေါ့။ ဘာကြောင့်ဖြစ်ရတာလဲ၊ ဓါတ်မတည့်မှုကြောင့်ဟုတ်မဟုတ် သိဖို့လိုတယ်လေ။ပြီးရင်တော့ ကလေးနဲ့ ဓါတ်မတည့်ဖြစ်နိုင်တဲ့အရာကို မေမေတို့ ရှောင်စားရပါလိမ့်မယ်။ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ လက္ခဏာလျော့ပါး သက်သာသွားတာ တွေ့ရမှာပါ။ ဒီလက္ခဏာတွေရှိလည်း ကလေးက ပုံမှန်ဖွံ့ဖြိုးနေတဲ့ ကိုယ်အလေးချိန်ရှိတယ်ဆိုရင် နို့ဆက်တိုက်လို့ရပါတယ်။

 

ကလေးနဲ့မတည့်တဲ့ အစားအစာကို မှတ်မိထားတယ်ဆိုရင် အနည်းဆုံး(၆)လ ဒါမှမဟုတ် ကလေးရဲ့အသက် ၉လ-၁၂လလောက်ရောက်တဲ့အထိရှောင်သင့်ပါတယ်။ အဲဒီအချိန်လောက်ဆို အစာစစားတတ်နေပြီဖြစ်တဲ့ကလေးအများစုက ဓါတ်မတည့်မှုကို တွန်းလှန်နိုင်စွမ်းရှိလာပြီဖြစ်လို့ နည်းနည်းချင်းပြန်မိတ်ဆက်ကျွေးကြည့်လို့ရနိုင်ပါတယ်။

 

ဘာတွေကြောင့် ဓါတ်မတည့်ဖြစ်စေနိုင်တာလဲ

 

ကလေးတွေအတွက် ဓါတ်မတည့်မှုအဖြစ်စေနိုင်ဆုံးကတော့ နွားနို့၊ ပဲနို့၊ပြောင်းဖူးနဲ့ ကြက်ဥတို့ ပါဝင်နေပါတယ်။ တကယ်တော့ ဒီဓါတ်မတည့်မှုဖြစ်ခဲ့တဲ့ကလေးတွေကိုလေ့လာခဲ့တဲ့ သုတေသန တစ်ခုအရ ၆၅ ရာခိုင်နှုန်းက နို့ထွက်ပစ္စည်းကြောင့်ဖြစ်ခဲ့တာလို့တွေ့ရှိရပါတယ်။မြေပဲ၊ အစေ့အဆန်တွေ၊ ဂျုံနဲ့ချောကလက်တွေဟာလည်း မေမေတို့ သတိထား စားရမယ့် အထဲပါနေပါတယ်။

 

ကလေးမှာဖြစ်နေတာ မသေချာဘူးဆိုရင် ကိုယ်စားနေတဲ့အစားအသောက်တွေကို မှတ်သားပြီး ဓါတ်မတည့်မှုဖြစ်နိုင်ခြေရှိမရှိ ဆရာဝန်နဲ့တိုင်ပင်၊ အကြံပြုချက်ရယူတာ ကောင်းပါတယ်။ မေမေတို့ရဲ့ စားသောက်မှုပုံစံကိုပြောင်းလဲရင်းနဲ့ ကလေးရဲ့ဓါတ်မတည့်မှုကို ကုစားရမယ်ဆိုပေမယ့် တချို့ဖြစ်စဉ်တွေမှာ လိုအပ်တဲ့ဆေးဝါးကုသမှုကို ဆရာဝန်ကသာလုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါမှ ကလေးအတွက် မလိုလားအပ်တဲ့အန္တရာယ်တွေကို ကာကွယ်နိုင်မှာပါနော်။

 

ဓါတ်မတည့်မှုလို့ သံသယရှိလာရင် ကလေးကို ဆရာဝန်ပြပါ

 

ကလေးကိုရောဂါရှာဖွေစစ်ဆေးဖို့ အရေးကြီးပါတယ်။ ကလေးမှာဖြစ်နေတဲ့လက္ခဏာတွေက တခြားအကြောင်းရင်းတွေဖြစ်နေနိုင်မလား ဆန်းစစ်ကြည့်ဖို့လိုတယ်၊ ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်း၊ ကိုယ်အလေးချိန်တိုးတက်မှု၊ ဝမ်းမှာသွေးပါသလား စတာတွေ စစ်ဆေးရပါမယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဆရာဝန်ကပဲလုပ်ပေးနိုင်မှာပါ။

 

၁

 

အစားအသောက်နဲ့ လက္ခဏာတွေကို မှတ်သားစောင့်ကြည့်ပါ

 

မေမေတို့စားသမျှအစားအသောက်တွေကို စာရွက်မှာရေးချထားပြီး ကလေးမှာ လက္ခဏာ ထူးခြားမှုရှိမရှိစောင့်ကြည့်ပါ။ ထူးခြားတာရှိရင် မှတ်ထားပါ၊ရှောင်စားပါ။ သက်သာသွား တယ်ဆိုရင် ဓါတ်မတည့်ဖြစ်နိုင်တဲ့အရာကိုနောက်ရှောင်လို့ရတာပေါ့။

 

ကိုယ်စားထားတဲ့အစားအစာအကြွင်းအကျန်တွေက ခန္ဓါကိုယ်ထဲမှာ အချိန်ကြာကြာ ရှိနေနိုင်ပါသေးတယ်။ ဒါ့ကြောင့် မတည့်လောက်တဲ့အရာတစ်ခုခုကြောင့် ကလေးမှာ လက္ခဏာပြလာတယ်ဆိုရင် ဒါကိုနောက်တစ်ကြိမ် မစားတော့ရင်တောင်မှ ရက်ပိုင်းလောက်တော့ ကလေးမှာဓါတ်မတည့်လက္ခဏာရှိနေနိုင်ပါတယ်။

 

အပြတ်ရှောင်လိုက်ပါ

 

ကိုယ်စားလိုက်တဲ့အစားအသောက်တစ်ခုခုကြောင့် ကလေးမှာ ဓါတ်မတည့်တဲ့တုံ့ပြန်မှု တစ်ခုရှိနေပြီဆိုတာ ရှင်းရှင်းလင်းလင်းသိတယ်ဆိုရင်တော့ နို့တိုက်နေစဉ်အတွင်း အဲဒီအစားအသောက်ကို လုံးဝရှောင်လိုက်တာလည်းကောင်းပါတယ်။ ဥပမာ- မေမေတွေ နွားနို့သောက်တာက ကလေးတွေမှာ ဓါတ်မတည့်တုံ့ပြန်မှု အဖြစ်များဆုံး အကြောင်းရင်း ဖြစ်ပါတယ်။

 

အကူအညီရယူပါ

 

လိုအပ်လာရင် ကျန်းမာရေးအကြံပြုချက်တွေပေးနေတဲ့ Hello ဆရာဝန်လို ကျန်းမာရေး စောင့်ရှောက်မှု ကူညီပေးသူတွေကိုလည်း ကွန်မန့်တွေကဖြစ်စေ၊ မက်ဆေ့ချ်နဲ့ဖြစ်စေ မေးမြန်းလို့ရပါတယ်။ လူမှုကွန်ရက်မှာလည်း ကျန်းမာရေးအကြံဉာဏ် တောင်းလို့ရတဲ့ ပုဂ္ဂိုလ်တွေ၊ ဂရုတွေ၊ပေ့ချ်တွေ အများကြီးရှိနေတာမို့ ဆောင်ရန်၊ရှောင်ရန်၊ သတိထားရမယ့်အချက်တွေကိုမေးဖို့ အချိန်မနှောင့်နှေးပါစေနဲ့၊မေးမြန်းပါ၊ အကူအညီတောင်းပါ။ ကလေးအတွက် စောစော မကုသမိတာ၊ကြောက်ပြီး နို့ဆက်မတိုက်တာ၊ ကလေးကို ဆေးတွေလျှောက်တိုက်တာ မျိုးမဖြစ်ရအောင် သတိထားပါ။ အရေးကြီးဆုံးအချက်က ကလေးကို ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးမကု၊ဆေးမတိုက်ပါနဲ့။

 

 

ရေးသားသူ- Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်