၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကိုလိုနီနယ်ချဲ့တို့က မြန်မာတစ်ပြည်လုံးကို ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံနိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၁၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိုင်းတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝမှ ပြန်လည်လွတ်မြောက်အောင် တစည်းတလုံးတည်း ကြိုးပမ်း အားထုတ်မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၈ နှစ်ရှိပြီဖြစ်သည်။ ဘိုးဘွားဘီဘင်များ အသက်သွေးချွေး ပေါင်းမြောက်မြားစွာ ပေးဆပ်ပြီးမှရရှိခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ခေတ်အဆက်ဆက်မျိုးဆက်များက ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

 

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူအားလုံး တစည်းတလုံးတည်း သက်စွန့်ကြိုးပမ်းရယူခဲ့သော်လည်း လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ယုံကြည်ချက်၊ ခံယူချက်မတူကွဲပြားမှုကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာသည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးတိုင်ရှိခဲ့ပြီဖြစ်သည်။ ပြည်တွင်းပဋိပက္ခများ ကြောင့် မြန်မာနိုင်ငံအနေဖြင့်လွတ်လပ်သောနိုင်ငံဖြစ်သော်ငြားလည်း လွတ်လပ်ရေးအသီးအပွင့်များကို တန်းတူညီမျှခံစားခွင့်မရရှိနိုင်သည်မှာ ဝမ်းနည်းစရာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခများ သက်တမ်းအရှည်ကြာဆုံးနိုင်ငံအဖြစ် ရပ်တည်နေရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။

 

မူလက နိုင်ငံရေး၊ လူမျိုးရေးအစွဲများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သော်လည်း မျက်မှောက်ကာလတွင် ကိုယ်ကျိုးစီးပွားအတ္တများကို အကြောင်းခံပြီး လက်နက်ကိုင်ပဋိပက္ခများ ဖန်တီးနေသည်ကို တိုင်းရင်းသား ပြည်သူအားလုံး သတိပြုသင့်ပေသည်။ နိုင်ငံရေးအရမကျေနပ်မှုများကို ရိုက်သွင်း ပေးပြီး မျိုးဆက်များအား ပဋိပက္ခလမ်းကြောင်းပေါ်ကို တင်ပေးနေသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ဖျက်ဆီးနေခြင်းဖြစ်သည်။ တော်လှန်ရေးနှင့် လက်နက်ကိုင်တိုက်ခိုက် မှုကို မသဲကွဲအောင်ဖန်တီးနေသည်မှာ ရည်ရွယ်ချက်ရှိရှိ တိုင်းပြည်ကိုဖျက်ဆီးနေ ခြင်းပင်ဖြစ်သည်။ တော်လှန်ရေးဆိုသည်မှာ တိုင်းတစ်ပါးကျူးကျော်မှုကို လက်မခံဘဲ တွန်းလှန်တိုက်ခိုက်ခြင်းဖြစ်သည်။ မိမိလူမျိုးအချင်းချင်း နိုင်ငံတော်ကိုတာဝန်ယူ ဆောင်ရွက်နေခြင်းကို တိုက်ခိုက်သည်မှာ ဆန့်ကျင်ပုန်ကန်ခြင်းသာဖြစ်သည်။

 

အမှန်တကယ်တွင် မကျေနပ်မှုများ၊ လိုအပ်ချက်များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလျှင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရရှိနိုင်ပေသည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေလျှင် မည်သည့်အချိန်အခါမှ အဖြေမရရှိနိုင်ဘဲ တိုင်းပြည်နှင့်လူမျိုးသာ ထိခိုက်ပျက်စီးဆုံးရှုံးပြီး တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေသည်ကို ပကတိ အခြေအနေများအရ ထင်ရှားစွာတွေ့မြင်နိုင်သည်။ တပ်မတော်သည် သမိုင်းစဉ် တစ်လျှောက် အစဉ်အလာကောင်းများနှင့် တည်ဆောက်ထားသည့် တစ်ခုတည်း သောအဖွဲ့အစည်းဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်တွင်း/ပြည်ပ ရန်စွယ်အန္တရာယ်မှန်သမျှ တိုက်ဖျက်ချေမှုန်းလျက်ရှိသည်။ လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။

 

မည်သည့်အခါမျှအောင်မြင်မှုမရနိုင်သော လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆုတ်ယုတ်စေသောလမ်းစဉ်ကို အဆုံးသတ်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်လျက်ရှိသည်။ ယခုအခါ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိသည်။ အထွေထွေ ရွေးကောက်ပွဲမှပေါ်ထွက်လာမည့် လွှတ်တော်နိုင်ငံရေးအခင်းအကျင်းဖြင့် မိမိဒေသ အကျိုး၊ မိမိနိုင်ငံအကျိုးကို အကောင်အထည်ဖော်နိုင်မည့် ဒီမိုကရေစီလူ့ဘောင်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အားလုံးပါဝင်ဆောင်ရွက် ခြင်းဖြင့် မိမိတို့လိုလားသည့်ပန်းတိုင်ကို တက်လှမ်းနိုင်သည်။

 

သို့ဖြစ်ရာ ရာစုနှစ်တစ်ခုနီးပါးတိုင် ရှည်လျားလာပြီဖြစ်သည့် လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းဖြင့် နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်မှုများ အဆုံးသတ် သင့်ပြီဖြစ်သည်။ မိမိဒေသ၊ မိမိနိုင်ငံနှင့် မိမိလူမျိုးကို ထိခိုက်ပျက်စီးစေသည့် လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းကို ရပ်တန့်ပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်း ဖြင့် အဖြေရှာကြရမည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးပါဝင်ဆောင်ရွက်နေသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင်ဆောင်ရွက်ပြီး ပေါ်ပေါက်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ဒေသအကျိုး၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။