မိမိမှာ ရီးယဲလ်မက်ဒရစ်ရဲ့  ဖာဂူဆန် မဟုတ်ကြောင်း ဇီဒန်း ဆို

၁၀၊  ဒီဇင်ဘာ

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မိမိမှာ ရီးယဲလ်အသင်းရဲ့ ဖာဂူဆန် မဟုတ်ကြောင်း ဆိုလိုက်ခြင်းဖြင့် မန်ယူ နည်းပြကြီး ဖာဂူဆန်လို အသင်းတစ်သင်းကို အချိန်အကြာကြီး ကိုင်တွယ်မှာ မဟုတ်ဘူးဆိုတာကို   ဖော်ညွှန်းခဲ့ပါတယ်။

 

 ဇီဒန်းရဲ့ ရီးယဲလ်မက်ဒရစ်ဟာ မိုချန်ဂလာဘတ်အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ နှစ်ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုဗိုလ်အဖြစ်နဲ့  ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၅)မှာ ရှက်တာဒိုးနက်ကို နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့်  ယခုပွဲမှာ  မိုချန်ဂလာဘတ်ကသာ ရီးယဲလ်ကို အနိုင်ရပြီး အင်တာမီလန်ကလည်း  ရှက်တာဒိုးနက်ကို အနိုင်ရရှိမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စု အဆင့်နဲ့ပဲ   ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပါတယ်။   ဒီလို ဖိအားတွေနဲ့ အနေအထားမှာ တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ပထမပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့အတူ  ရီးယဲလ်က မိုချန်ဂလာဘတ်ကို အနိုင်ရရှိခဲ့တာကြောင့်  နည်းပြ ဇီဒန်း အသက်ရှုချောင်ခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ဇီဒန်းက ကျွန်တော်က မက်ဒရစ်ရဲ့ ဖာဂူဆန် ပုံစံနဲ့ သွားမှာ မဟုတ်ပါဘူး၊ ဒါကတော့ သေချာပါတယ်။ ကျွန်တော် ဒီအသင်းမှာ ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာ မသိသလို စဉ်းလည်း မစဉ်းစားထားပါဘူးလို့ သတင်းထောက်များရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

 

 ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်စဉ်က သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့အပြင် လာလီဂါဖလား၊ ကမ္ဘာ့ကလပ်ဖလားနဲ့ ဥရောပ စူပါဖလားတို့ကို ရယူပေးခဲ့သူဖြစ်ပါတယ်။ ရီးယဲလ်ကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ချိန်မှာ ပြီးခဲ့တဲ့ဘောလုံးရာသီက  လာလီဂါဖလား ရရှိခဲ့ပေမယ့်  မန်စီးတီးကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး  ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကပဲ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒီရာသီမှာတော့    ရီးယဲလ်ဟာ  လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ စောစောစီးစီး ရှုံးပွဲတွေ ကြုံခဲ့တာကြောင့်  ဇီဒန်းရဲ့ နည်းပြ ထိုင်ခုံ လှုပ်နေခဲ့ပြီလို့ အားကစားသုံးသပ်သူတွေက ဆိုပါတယ်။  ဒါ့အပြင် ဇီဒန်း လိုချင်တဲ့ တိုက်စစ်မှူး မာနေးနဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ကို ရီးယဲလ်ဘုတ်အဖွဲ့က ခေါ်ယူပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်   ဇီဒန်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ ရီးယဲလ်က ထွက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

 

မေလဲ့သင်း