မိန်းကလေးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၁၇

မိန်းကလေးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မxxxx၊ ၁၅ နှစ် အား ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့နယ်နေ အောင်ကိုကို(ခ)အောင်အောင်၊ ၂၇ နှစ်၊ (ဘ)ဦးမြင့်ငွေ နှင့် ရည်ငံနေခဲ့ရာ လက်ထပ်ပေါင်းသင်းပြီး တရုတ်နိုင်ငံသို့ အတူသွားရောက်၍ အလုပ်လုပ်ကိုင်မည်ဟု ပြောဆိုစည်းရုံး၍ လှိုင်သာယာမြို့နယ်နေ ညီဝမ်းကွဲတော်စပ်သူ ချမ်းမြေ့(ခ)ချမ်းမြေ့အောင်၊ ၂၀ နှစ်၊ (ဘ)ဦးမြင့်ဦးနှင့် လိပ်စာတူ မဖူးဖူး(ခ)ခင်ချိုဝင်း၊ ၂၀ နှစ်၊ (ဘ)ဦးညွန့်ဝင်း တို့(၃)ဦးက တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံ ဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ)၁၅၃၄/၂၀၁၉ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ အောင်ကိုကို(ခ)အောင်အောင်၊ ချမ်းမြေ့(ခ) ချမ်းမြေ့ အောင် နှင့် မဖူးဖူး(ခ)ခင်ချိုဝင်းတို့ ၃ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်