မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်‌တော် ဖေဖော်ဝါရီ ၇

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကြံခင်းကွက်သစ်တေ မကြူကြူခိုင် က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ မ---၊ ၃၀ နှစ်နှင့် မ---၊ ၁၈ နှစ်တို့ကို ၎င်း၏ညီမဖြစ်သူသည် တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားနှင့် လက်ထပ်ခဲ့ပြီး အဆင်ပြေ နေကြောင်း၊ တရုတ်ယောကျ်ားနှင့် လက်ထပ်ပါက ငွေကျပ် (၃၅) သိန်းရရှိမည်ဟု ပြောဆို စည်းရုံး၍ တရုတ်အမျိုးသားများထံ ပို့ဆောင်ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ) ၉၁၉/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်တွင် တရားခံ မကြူကြူခိုင်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်