မိသားစုဘဝများလှပဖို့ ဆီးချိုရောဂါ ကာကွယ်ကုသဖို့

ဒေါက်တာ သင်းသင်းလှိုင်

MBBS, FRCP, FRCPath, FHEA

 

ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း အချက်အလက်များ

-          ကမ္ဘာ့လူဦးရေစုစုပေါင်း ခုနစ်ကုဋေကျော်တွင် ၄၂၅ သန်း (လူဦးရေ၁၁ ယောက်တွင် ၁ ယောက်နှင့်ညီမျှ)၊

-          ကိုယ်ဝန်ဆောင်အမျိုးသမီး ၆ ဦးတွင် ၁ ဦး၊

-          ကလေးသူငယ်နှင့် ဆယ်ကျော်သက်များတွင် ဖြစ်ပွားသူတစ်သန်း၊

-          အလုပ်လုပ်နေသော သက်လတ်အရွယ်လူများတွင် ဖြစ်ပွားသူသုံးပုံနှစ်ပုံ ခန့်ရှိပြီး အထက်ပါ ဖြစ်ပွားနေသူနှစ်ဦးတွင် တစ်ဦးသည် ရောဂါရှိမှန်းမသိကြပါ။

 

ဆီးချိုရောဂါဖြစ်ပွားမှုကို ကျန်းမာသော စားသောက်နေထိုင်မှုစနစ်ကို လိုက်နာခြင်းဖြင့် ၅၀ ရာခိုင်နှုန်း (တစ်ဝက်) အထိ လျှော့ချနိုင်ပါသည်။

 

ဆီးချို၊ သွေးချိုရောဂါဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မုန့်ချိုအိတ်မှ အင်ဆူလင် ဟော်မုန်းအထွက်နည်းခြင်း (သို့မဟုတ်) ထွက်ရှိသော အင်ဆူလင်ဟော်မုန်းသည် ပုံမှန်အလုပ်လုပ်နိုင်ခြင်း မရှိတော့ခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် ပုံမှန်ထက်မြင့်တက်လာသော ရောဂါဖြစ်ပါသည်။ သွေးတွင်း သကြားဓာတ် ပုံမှန်ထက်မြင့်မားသောကြောင့် နောက်ဆက်တွဲ ရောဂါများဖြစ်သည့် မျက်စိအာရုံပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောသိမှု၊ ထိမှုလျော့ပါးခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းနှင့် လေဖြတ် ခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။

 

ဆီးချိုရောဂါအမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟု နှစ်မျိုးရှိပါသည်။ ထိုအမျိုးအစား နှစ်မျိုးစလုံးတွင် ကျန်းမာသော စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းအားဖြင့် သွေးတွင်းသကြား ဓာတ်ထိန်းသိမ်းခြင်းကို အထောက်အကူ ပြုပါသည်။ အမျိုးအစား (၂) ဆီးချိုဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ အဝလွန်ကဲခြင်း၊ စားသောက်နေမှုပုံစံများ လွဲမှားခြင်းတို့ဖြစ်သဖြင့် ကျန်းမာစွာ စားသောက်နေထိုင်ခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန်ကို လျှော့ချခြင်းများဖြင့် ဆီးချိုမဖြစ်သေးသူများ မဖြစ်စေရန် ကာကွယ်နိုင်ပြီး ဖြစ်ပွားပြီးသူများသည် ဆီးချိုအထိန်း ဓာတ်ကောင်းအောင် ထိန်းသိမ်းနိုင်သည်ကို သုသေသနများအရ ခိုင်ခိုင်မာမာ တွေ့ရှိရပါသည်။

 

လူတိုင်းအတွက် အာဟာရဓာတ်များ၊

အသက်ရှင်နေ ထိုင်နိုင်ရန် နေ့စဉ်လိုအပ်သော စွမ်းအင်များကို အောက်ပါ အာဟာရအုပ်စုများမှ ရရှိပါသည်။ လိုအပ်သော စွမ်းအင်ပမာဏမှာ အသက်၊ ကျား - မ၊ လှုပ်ရှားမှု၊ ရှိသောရောဂါများပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားပါသည်။

(၁) ကဆီဓာတ်၊

(၂) အဆီဓာတ်၊

(၃) အသားဓာတ်။

အထက်ပါ အာဟာရများအပြင် နေ့စဉ်စားသုံးရာတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်ရရှိရန် အစိမ်းရောင်ရှိသော အရွက်များနှင့် ရေဓာတ်ကိုလည်း လုံလောက်စွာ စားသောက်ရပါမည်။ ကျန်းမာသော စားသောက်နေ ထိုင်မှုဆိုသည်မှာ အထက်ပါ ဓာတ်များကို မျှတစွာ စားသုံးခြင်းအား ရည်ညွှန်းပါသည်။

အဆီဓာတ်

ကဆီဓာတ်ပါဝင်သော အစားအစာများမှာ

(၁) ဆန်၊ ဂျုံ၊ ပြောင်း၊ ကောက်ညှင်းနှင့် ၎င်းတို့ဖြင့်ပြုလုပ်ထားသော မုန့်များ၊

(၂) အာလူး၊ ကန်စွန်းဥ၊ ပိန်ဥ၊ ပြောင်းဖူး အစရှိသော သစ်ဥသစ်ဖုများ၊

(၃) သကြားပါဝင်သော အစားအစာများ (ကိတ်မုန့်၊ အချိုရည် အစရှိသည်)၊

(၄) သစ်သီးဝလံအမျိုးမျိုး၊

(၅) ပဲအမျိုးမျိုး၊

(၆) အရက်သေစာ အဖျော်ယမကာအမျိုးမျိုး၊

(၇) နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး။

ကဆီဓာတ်အစာများကို အစာအိမ်နှင့် အူလမ်းကြောင်းတွင် ခြေဖျက် ပြီးနောက် သကြားဓာတ်သို့ ပြောင်းလဲပြီး သွေးကြောအတွင်းသို့ စုပ်ယူသဖြင့် အစာစားပြီး ၂ နာရီမှ ၄ နာရီအတွင်းတွင် သွေးတွင်းသကြားဓာတ် တဖြည်း ဖြည်း မြင့်တက်လာပါသည်။ ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်သည် ၎င်းတို့စားသုံးသော အစာများတွင် ကဆီဓာတ်ပါဝင်မှုနှင့် တိုက်ရိုက်အချိုးကျသည့်အတွက် တစ်နေ့တာ စားသုံးသော ကဆီဓာတ်အမျိုး အစားများနှင့် ပမာဏကို မျက်ခြည်မပြတ်ဘဲ ထိန်းသိမ်းစားသောက်ရန် လိုပါသည်။

 

ကဆီဓာတ်အမျိုးအစား အမျိုးမျိုးရှိသည့်အနက် အမျှင်ဓာတ်ကြွယ်ဝပြီး အချိုပါဝင်မှုနှုန်း နည်းသည့်အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့် အချိုဓာတ် လွန်ကဲစွာမြင့်မားခြင်းနှင့် ဗိုက်မြန်ဆန်စွာ ဆာလောင်ခြင်းကို ကာကွယ်နိုင်ပါသည်။ (ဥပမာ- ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ ပဲအမျိုးမျိုး၊ အဆီထုတ်နွားနို့၊ သဘာဝဒိန်ချဉ်)

 

ကဆီဓာတ် စားသုံးမှုပမာဏအနေဖြင့်ဆိုလျှင် တစ်နေ့တာလိုအပ်သော စုစုပေါင်းကယ်လိုရီ ၄၀-၆၀ ရာခိုင်နှုန်းထက် မပိုသင့်ကြောင်း သတ်မှတ်ထားပါသည်။ မြန်မာလူမျိုးအများစု၏ စားသုံးမှုပုံစံမှာ ထမင်းကို အဓိကအားပြု၍ စားသုံးသော ကြောင့် ထမင်းပန်းကန်နှင့်အပြည့် ထမင်းထည့်ကာ အသားတုံး တစ်တုံး၊ နှစ်တုံး၊ ငါးပိရည်နှင့် စားလေ့ရှိပါသည်။ ဤစားသုံးပုံစံတွင်မူ ကဆီဓာတ်ပါဝင်မှုကို သုံးသပ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ပါဝင်သောကြောင့်သွေးတွင်းသကြား ဓာတ်ကို များစွာမြင့်တက်နိုင်ပါသည်။ ထို့ကြောင့် အကြမ်းဖျင်းအားဖြင့် အကြံပေး ရမည်ဆိုပါက ထမင်းစားပန်းကန်ပြား ခုနစ်လက်မ ပန်းကန်ပြား၏ တစ်ဝက် ထက်ပို၍ ထမင်းမထည့်မိစေရန် ကြိုးစားပြင်ဆင်ရမည် ဖြစ်ပါသည်။ ကျန်ရှိလစ်လပ်နေသော ထမင်းပန်းကန်တစ်ဝက်ကို အသား၊ ပဲ၊ အစိမ်းရောင် ရှိသော အရွက်များ ဖြည့်စွက်စားသုံးခြင်းဖြင့် ဗိုက်ပြည့်၍ ကဆီဓာတ်ကို လည်း လျှော့ချနိုင်ပါသည်။

 

အသားဓာတ်

အသားဓာတ်ရရှိသော အစားအစာများမှာ ကြက်သား၊ ဝက်သား၊ ဆိတ်သား အစရှိသော အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ ဖြစ်ပါသည်။ အသားဓာတ်သည် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းအပေါ် သက်ရောက်မ မရှိပါ။ ထို့ကြောင့် ကျောက်ကပ်ရောဂါရှိသူ၊ အသည်းရောဂါရှိသူများ မှလွဲ၍ ကျန်ဆီးချိုရောဂါရှိသူများမှာ အသားဓာတ်ကို ကန့်သတ်စားသုံးရန် မလိုပါ။ ကျောက်ကပ် (သို့မဟုတ်) အသည်းရောဂါရှိသူများသည် တတ်ကျွမ်းသော အာဟာရ ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ စားသောက်ပါ။

 

အဆီဓာတ်

အဆီဓာတ် သုံးမျိုးဖြစ်သည့် ပြည့်ဝဆီ၊ မပြည့်ဝဆီနှင့် အသွင်ပြောင်းဆီဟု သုံးမျိုးရှိသည့်အနက် မပြည့်ဝဆီနှင့် အသွင်ပြောင်းဆီ များသည် နှလုံးသွေးကြော ကျဉ်း၊ ပိတ်ခြင်း၊ လေဖြတ်ရောဂါများဖြစ်ခြင်းနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ ဇယားတွင် အဆီအမျိုးမျိုးကို ဖော်ပြထားပါသည်။

tth

 

အဆီဓာတ်စားသုံးမှုပမာဏကို တစ်နေ့တာ လိုအပ်သော စွမ်းအင်ပမာဏ၏ ၃၀ ရာခိုင်နှုန်းထက်မပိုရန် ထိန်းချုပ်စားသုံးရမည်။ ဥပမာ- တစ်နေ့တာစွမ်းအင် ၁၅၀၀ ကယ်လိုရီ လိုအပ်သောသူ တစ်ယောက်အတွက် အဆီစားသုံးမှုပမာဏ (၄၀-၅၀)ဂရမ် = စားပွဲတင်ဇွန်း ၃ ဇွန်းမှ ၄ ဇွန်းထက် မပိုသင့်ပါ။ တစ်နေ့တာ ဆီ စားသုံးမှုလျှော့ချနိုင်ရန် အကြော်အမျိုးမျိုးရှောင်ကြဉ်ခြင်း၊ ကြော်မည့်အစား ဟင်းလျာများကို လုံးချက်၍သော်လည်းကောင်း၊ ပေါင်း(သို့) ကင်၍ချက်ခြင်း၊ အသားအရေခွံများ ဖယ်ရှားစားခြင်း၊ ကြက်ဥအနှစ်ကို တစ်ပတ်လျှင် သုံးကြိမ် ထက်ပိုမစားခြင်း၊ ဟင်းချက်ရာတွင် ဆီပုလင်းထဲမှ ဆီကို လောင်းထည့်မည့်အစား ဇွန်းနှင့်ခြင်၍ ကန့်သတ်ခြင်းဖြင့် ကြိုးစားနိုင်ပါသည်။

 

အမျှင်ဓာတ်ကြွယ်ဝသော အစိမ်းရောင်အရွက်နှင့် အသီးအမျိုးမျိုး၊

ကျန်းမာရေးနှင့် ပြည့်စုံရန် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို အစိမ်းရောင်ရှိသော အရွက်အမျိုးမျိုး၊ အသီးအနှံ အမျိုးမျိုးမှ ရရှိနိုင်၍ တစ်နေ့လျှင်ငါးမျိုး အနည်းဆုံး စားပေးရမည်။ (ဥပမာ- ဟင်းနုနယ်၊ ကန်စွန်းရွက်၊ မြင်းခွာရွက်၊ ဖရဲသီး၊ ကျွဲကောသီး၊ မာလကာသီး အစရှိသည်)

 

သစ်သီးများတွင် မူသဘာဝမှရသော သကြားဓာတ်ပါဝင်၍ စားသောပမာဏကို ထိန်းချုပ်စားသောက်ရန် လိုအပ်ပါသည်။ အမှည့်လွန်နေသော အသီးများတွင် သကြားပါဝင်မှု ပိုမိုများတတ်ပြီး အသီးဖျော်ရည်သောက်ခြင်းသည်လည်း အသီးရိုးရိုးစားသုံးခြင်းနှင့် နှိုင်းယှဉ်လျှင် သွေးတွင်းသကြားဓာတ် မြင့်တက်မှုနှုန်း ပိုမြန်ကြောင်း သတိပြုစေလိုပါသည်။

 

ဆားဓာတ်

ဆီးချိုရောဂါရှိသူများသည် သွေးတိုး၊ နှလုံးနှင့် လေဖြတ်ရောဂါဖြစ်ရန် နှုန်းများသည့်အတွက် သွေးပေါင်ချိန်ကို ထိန်းသိမ်းရန် ကြိုးစားရမည်။ ဆားဓာတ်သည်သွေးပေါင်ချိန် မြင့်မားစေ၍တစ်နေ့တာဆားစားသုံးမှုကိုလည်း

လျှော့ချထိန်းသိမ်းစားသောက်ရပါမည်။

 

အရက်သေစာ

အရက်အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ်မတည် ငြိမ်စေခြင်း၊ သွေးပေါင်ချိန် အတက်အကျ မတည်ငြိမ်ခြင်း၊ ဘီယာသောက်သူ များတွင် သွေးတွင်းအဆီဓာတ်များခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် အရက်သေစာ အလွန်အကျွံသောက်သုံးမှု (ဥပမာ- တစ်နေ့တာလျှင် ဘီယာ ၂၅၀ ml တစ်ဘူး၊ ဝိုင်တစ်ခွက်၊ အရက် နှစ်ပက် ထက်မပိုရ) ကို ကြိုးစားရှောင် ကြဉ်ရပေမည်။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။

 

ကိုယ်လက်လေ့ကျင့်ခန်း

တစ်နေ့လျှင် ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ မှ ၆၀ နှင့် တစ်ပတ်လျှင် အနည်းဆုံး ငါးကြိမ်လုပ်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ထိန်းကောင်း၍ ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းရန် အထောက်အကူပေးပါသည်။

 

ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊

မိမိအတွက် သင့်တော်သော ကိုယ်အလေးချိန်ကိုသိရှိရန် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို တိုင်းတာ၍ အရပ်နှင့်ရှိရမည့် ကိုယ်အလေးချိန် BMI (Body Mass Index)ကို တွက်ချက်ရန် လိုအပ်ပါသည်။ ကျန်းမာသော ကိုယ်အလေးချိန်ဆိုသည်မှာ 18.5 မှ 24.9 kg/m2 ဟု သတ်မှတ်ထားပါသည်။ BMI 25 kg/m2 အထက် ကျော်လွန်သွားသူများသည် ကိုယ်အလေးချိန်ပိုပြီး BMI 30 kg/m2 ထက်ကျော်လွန်သွားပါက အဝလွန်ရောဂါဟုသတ်မှတ်ပါသည်။ အဝလွန်ရောဂါရှိသူ အမျိုးသားများသည် ဆီးချိုရောဂါ ဖြစ်ပွားရန် ၅၀ ရာခိုင်နှုန်း နှင့် အမျိုးသမီးများမှာ ၉၀ ရာခိုင်နှုန်းထက်ပိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သုတေသနများအရ သိရပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် ပိုနေသူများ၊ အဝလွန်နေသူများသည် ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပြီး ဖြစ်နေလျှင်လည်း သွေးချိုအထိန်းများကို ဆေးလိုအပ်ချက် အနည်းငယ်ဖြင့် ထိန်းနိုင်ပါသည်။ ကိုယ်အလေးချိန်လျှော့ချရန် နည်းအမျိုး မျိုးမှာ တစ်နေ့တာလိုအပ်သော စွမ်းအင်ကယ်လိုရီအား ကန့်သတ်စားသုံးသော သဘာဝကို အခြေခံထားသည်သာဖြစ်၍ မိမိနှင့်ကိုက်ညီပြီး တစ်သက်တာ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို လိုက်နာ ကျင့်သုံးရန် ကြိုးစားပါ။ ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း အထက်တွင် ဖော်ပြထားသကဲသို့ နေ့စဉ်ပုံမှန်လုပ်ရန် လိုအပ်ပါသည်။ ဤသို့ ကယ်လိုရီ ကန့်သတ်စားသုံးခြင်းနှင့် လေ့ကျင့်ခန်း နေ့စဉ်လုပ်ဆောင်ခြင်းဖြင့် ကိုယ်အလေးချိန် ၁၀-၁၅ ရာခိုင်နှုန်းထိ လျှော့ချ နိုင်ပါသည်။

 

နိဂုံးချုပ်အနေဖြင့် ဆီးချိုရောဂါကို ထိရောက်စွာ ကာကွယ်ကုသရန်မှာ မိမိ၏ စားသောက်နေထိုင်မှု အလေ့အကျင့်များပေါ်တွင် များစွာ မူတည်ပါ သည်။ မြတ်စွာဘုရားဟောကြားတော်မူသော စရဏတရား ၁၅ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ဘောဇနမတ္တညုတ”လမ်းစဉ်အရမိမိစားသုံးသော အစားအသောက်များကို ဆင်ခြင်တုံတရားထား၍ သတိနှင့် မျှမျှတတ စားသောက်ခြင်းကို လိုက်နာဆောင်ရွက်နိုင်၍ ကျန်းမာပျော်ရွှင်သော မိသားစုဘ၀များကို ပိုင်ဆိုင်နိုင်ပါကြောင်း တိုက်တွန်း အပ်ပါသည်။    ။

(နိုဝင်ဘာ ၁၄ ရက်နေ့ ကမ္ဘာ့ဆီးချိုရောဂါနေ့ အထိမ်းအမှတ်)