မြိတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မိုးမိတ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီ ၅ မိနစ်တွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင် တရုတ်တန်းရပ်၊ အေးချမ်းဖြူစင် လမ်းသွယ် (၂)  လမ်းနေ မောင်ချို (ခ) မြတ်သိန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီခွဲတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင် တရုတ်တန်းရပ်၊ အေးချမ်းဖြူစင် လမ်းသွယ် (၂) လမ်းတွင် ဖြိုးပြည့်ဇော် (ခ) သားငယ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊  ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် အေးကိုကို မောင်းနှင်ပြီး မနုနုစံ၊ ကျော်သက်နိုင်နှင့် ထွန်းလင်းဦး တို့လိုက်ပါလာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀၀၀ ၊ အိုက်စ် သုည ဒသမ ၂၆၇ ကီလို ကိုလည်းကောင်း။

 

ယင်းနေ့ နံနက် ၁၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာအုပ်စု၊ နားယုတ်ကျေးရွာနေ မထွေးရင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၅) အနီး၌ စစ်ဆေးရေး ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်သည် စစ်ဆေးသည့် နေရာသို့မရောက်မီ မော်တော်ဆိုင်ကယ်အား ရပ်တန့်၍ ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား