မြိတ်၊ မဟာအောင်မြေ၊ မုဒုံနှင့် တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်  နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ ကန်ခေါင်းဈေးလမ်း (သန္တာလမ်း) တွင် ကျော်မင်းဦး(ခ)ယူစွဖ်(ခ)ရီဆွတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ခွာညိုလမ်းနေ မအေးအေးသန်း(ခ) လာဟီမာဘီ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့်လည်းကောင်း၊ မွန်းလွဲ၁ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ ကန်ခေါင်းဈေးလမ်း(သန္တာလမ်း)နေ မဥမ္မာဆွေ(ခ)မရာဟီမာ ကို ၎င်း၏ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့်လည်းကောင်း။

ဒီဇင်ဘာ ၁၀ ရက် နံနက်၇နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၂)၊ ၆၀ × ၆၁ လမ်းကြား၊ ၄၃(A)လမ်းရှိ Hotel အခန်းအမှတ်(၂၀၅)သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျော်မင်းသက်၊ စိုင်းထွန်းလှ (ခ)ထွန်းလှနှင့် မဝေဝေထွန်း တို့(၃)ဦးကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၅,၆၆၄ ပြား ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ၁၂ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်း၊ ရွှေဟင်္သာ ဈေးရှေ့တွင် စောကလိုထူး(ခ)ကျော်ပု မောင်းနှင်ပြီး ထွန်းအုပ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၇၀ ကိုလည်းကောင်း၊ ယင်းနေ့ ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဒေါ်ပါနန်း ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)