မြိတ်၊ ပုသိမ်ကြီး၊ မောင်တောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

နေပြည်တော်  ၁၈  မတ် 

 

မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ညနေ ၄ နာရီခွဲတွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ သာကေတ(၅)လမ်းနေ ဘိုဘို(ခ)နိုင်ဝင်းထိုက်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့နံနက် ၃ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် ဇော်လတ်(ခ)အားတွမ် မောင်းနှင်လာသည့် FORD RANGER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကာလတန်ဖိုးငွေကျပ် ၂၅၆၉၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၄၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ 

 

အလားတူ ညနေ ၅ နာရီခွဲတွင် ဖားဝပ်ချောင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာမှ ကျီးကန်းပြင်ကျေးရွာသို့ မောင်းနှင်လာသည့် (၆)ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် လမ်းကြုံလိုက်ပါသည့်  မရွှေရွှေနှင့် မနွယ်နွယ်အောင်တို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၆,၁၃၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN