မိတ်ကောင်းဆွေကောင်း စေတနာကောင်း

 ၂၃ ဇူလိုင်
 

 

အခက်အခဲများ၊ လိုအပ်ချက်များ၊ အားနည်းချက်များရှိနေချိန်တွင် ဖေးမကူညီစောင့်ရှောက်ပေးသူကို မိတ်ဆွေကောင်းဟု ဆိုသည်။ မိတ်ကောင်းဆွေကောင်း စစ်မစစ် မိမိနိမ့်ကျအားနည်းနေသည့်အချိန်တွင် သိနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဤသို့ပင်ဖြစ်သည်။ လက်ရှိကာလ၌ နိုင်ငံ၏လိုအပ်ချက်များ ကဏ္ဍအသီးသီးတွင် ရှိနေသည်။ အခက်အခဲအကျပ်အတည်းများ ရှိနေချိန်တွင် ပိုမိုခက်ခဲကျပ်တည်းအောင် ဖန်တီးနေသူများနှင့် အခက်အခဲများ၊ လိုအပ်ချက်များပြေလည်စေရေးအတွက် ကူညီကြသူများကိုလည်း တွေ့ရသည်။

 

မြန်မာနိုင်ငံအပေါ် အစဉ်အဆက် မိတ်ဆွေကောင်းပီသစွာဖြင့် ထောက်ပံ့ကူညီပေးသည့် နိုင်ငံများတွင် ဂျပန်နိုင်ငံသည် ရှေ့တန်းမှပါဝင်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ၂၀၁၆-၂၀၂၀ ငါးနှစ်တာကာလအတွင်း ဂျပန်ယန်းငွေ ဘီလီယံ ၈၀ဝ ပံ့ပိုးပေးသွားရန် ကတိပြုခဲ့ပြီး ရခိုင်ပြည်နယ်အတွက်လည်း ပါဝင်ကူညီပေးမည်ဟု သိရသည်။

 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အကူအညီများစွာပေးလျက်ရှိရာတွင် ဦးစားပေးစီမံချက် ၆၀ ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းတို့တွင် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားစီမံကိန်းအပါအဝင် ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်စေရေး အတွက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု ချောမွေ့စေရေးအတွက် GPS ထိန်းချုပ်ရေးစခန်းများ တည်ဆောက်ရေး၊ ဟံသာဝတီ နိုင်ငံတကာလေယာဉ်ကွင်း တည်ဆောက်ရေး၊ မြန်မာ-ဂျပန် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းဖွင့်လှစ်ရေးတို့အပါအဝင် စီမံကိန်းများစွာကို အကောင်အထည်ဖော်နေသည်ကိုတွေ့ရသည်။

 

လက်ရှိကာလ၌ ဦးစားပေးဖြည့်ဆည်းပေးရမည့်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ကူညီထောက်ပံ့ပေးလျက်ရှိပြီး ယခုဂျပန်နိုင်ငံက ရခိုင်ပြည်နယ်၏ ပညာရေး ကွက်လပ်များကို ဖြည့်ဆည်းပေးခဲ့သည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ စာသင်ကျောင်းများ ပျက်စီးခဲ့သည်။ ပျက်စီးခဲ့သော စာသင်ကျောင်း ၈၂ ကျောင်းကို ကူညီထောက်ပံ့ ဆောက်လုပ်ပေးခဲ့သည့်အနက် ရခိုင်ပြည်နယ်အတွက် စာသင်ကျောင်း ၃၉ ကျောင်းဆောက်လုပ်ပြီးစီးခဲ့သည်ကို တွေ့ရသည်။

 

အလှူရှင်နိုင်ငံများက မြို့ပြနေပြည်သူများ လူမှုဘဝမြင့်မားတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးတို့ကို ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံသည် ခွန်အားနည်းသော နိုင်ငံဖြစ်နေသေးသည်။ မိမိနိုင်ငံထည်ထည်ဝါဝါရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြိုးကုတ် အားထုတ်နေရဆဲဖြစ်သည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး၊ စီးပွားရေးကြွယ်ဝရေး၊ စုစည်းညီညွတ်ရေးကို ကြိုးပမ်း အားထုတ်နေချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်လာ မည်ကို မလိုလားမရှုဆိတ်သူများရှိကြမည်ဖြစ်ပြီး အပြုသဘောဆောင် အကောင်းမြင်တတ်သည့်နိုင်ငံများ၊ ဂျပန်နိုင်ငံ ကဲ့သို့ မိတ်ဆွေကောင်းပီသသည့် နိုင်ငံများလည်းရှိမည်ဖြစ်ရာ ၎င်းမိတ်ဆွေနိုင်ငံတို့နှင့် လက်တွဲပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုဘဝ မြင့်မားတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေသော အချိန်ကာလတွင် အပြုသဘောဆောင် အကောင်းမြင်တတ်သည့်နိုင်ငံများ၊ စိတ်ကောင်းစေတနာဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးသော နိုင်ငံများလိုအပ်ပြီး ၎င်းမိတ်ဆွေနိုင်ငံများနှင့်အတူ ပိုမိုကောင်းမွန်သော နိုင်ငံဖြစ်အောင် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။