မြိတ်ခရိုင်အတွင်း စပါးအထွက်တိုးရေးအတွက် အထွက်တိုးမျိုးစပါး ပေးအပ်ပြီး

မြိတ်      မေ      ၃၁

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဒေသဝမ်းစာဖူလုံရေး၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး၊ စပါးအထွက်တိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် OK ဆန်စက်တို့ပူးပေါင်းကာ အထွက်တိုးမျိုးစပါးပေးအပ်ပွဲကို မေ ၃၀ ရက်က မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်၍ တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစပါးများ ပေးအပ်ခဲ့သည်။

 

ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်ပြီး  မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသ ဝမ်းစာဖူလုံရေးအတွက် တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများက တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားသည်။

 

အခမ်းအနားတွင် တောင်သူများအား ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အထွက်တိုးမျိုးစပါးများ ပေးအပ်ခဲ့ပြီး မြိတ်ရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ OK ဆန်စက်လုပ်ငန်းရှင် ဦးထွေးဝေက ကျောက်ဖျာကျေးရွာ အုပ်စုရှိ တောင်သူ ၅၃ ဦးအား လယ် ၃၅၈ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် အတိုးမဲ့ထုတ်ချေးပေးခဲ့သည်။ ယင်းနောက် ထွန်စက်ဖြင့် လယ်မြေပြုပြင်ခြင်းနှင့် မြေခံဓာတ်မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်