မြိတ် ဇွန် ၁

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

 

ဦးစွာ မြိတ်မြို့နယ် သစ်တောဦးစီးဌာန ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်၌ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများအား မြိတ်မြို့ စိမ်းလန်းစိုပြည်သာယာလှပစေရန် တအုပ်တမစိုက်ခင်းများ၊ မြို့အဝင်လမ်းမနှင့် လမ်းဘေးဝဲယာတွင် ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးကြရန် တာဝန်ရှိသူများက ပြည်သူလူထုအား အိမ်တိုင်ရာရောက် ပျိုးပင်များပေးအပ်ပြီး လူထုပူးပေါင်းပါဝင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော လူထုဖြန့်ပျိုးပင်များကို ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပေးအပ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့ စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် သစ်ပင်များစိုက်ပျိုးမည့် တက္ကသိုလ်များနှင့် ပန်းအလှပင်နှင့် အရိပ်ရပင်များ လျာထားစိုက်ပျိုးမည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)