မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည့် မင်းသန်း - မောင်းလှော် မြစ်ကူးတံတား တည်ဆောက်နေမှု (၈၀)ရာခိုင်နှုန်းကျော် ပြီးစီး

မြိတ် ဇွန် ၂၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည့် မင်းသန်း - မောင်းလှော် မြစ်ကူးတံတား တည်ဆောက်နေမှုမှာ ယခုလက်ရှိတွင် (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

 

မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ မောင်းလှော်ကျေးရွာတို့ကို ကုန်းလမ်းခရီးဖြင့် အဆင်ပြေချောမွေ့စွာ ပေါင်းကူးဆက်သွယ် သွားလာနိုင်မည့် မင်းသန်း - မောင်းလှော် မြစ်ကူးတံတားကြီးသည် အရှည်ပေ (၂၁၀၀) ခန့်ရှိသည်။

 

တံတားတည်ဆောက်မှုကတော့ လက်ရှိမှာ (၈၀)ရာခိုင်းနှုန်းကျော်ခန့် ပြီးစီးနေပြီ ဖြစ်ပါတယ်ဟု တံတားစီမံကိန်း တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တံတားအောက်မြစ်အတွင်းမှ လှေများ ဖြတ်သန်းသွားလာနိုင်ပြီး တံတားအလယ်ရှိ ရေလယ်တိုင်တစ်ခွင်နှင့် လက်ရမ်းတန်း၊ လူသွားလမ်းတို့လုပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

 

မင်းသန်း - မောင်းလှော် မြစ်ကူးတံတားကြီး ပြီးစီးသွားပါက မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစွာ လွယ်ကူမြန်ဆန်လာမည်ဖြစ်သည့်အပြင် ကျန်းမာရေးအတွက် မြိတ်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီတင်ပို့နိုင်မည်ဖြစ်ပြီး ပညာရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မောင်းလှော်ကျေးရွာနေ ဒေသခံများက ပြောသည်။

 

ဒီတံတားကြီးပြီးသွားရင် ကားနဲ့ဆိုင်ကယ်တွေ အလွယ်တကူ သွားလာလို့ရပါပြီ။ ကားနဲ့ဆို ကုန်ရောင်းကုန်ဝယ်တွေ နေ့ချင်းရောက်မယ်။ အရေးပေါ်လူနာဆိုလည်း ချက်ချင်းတင်ပို့ရတာပေါ့။ အရင်က လှေနဲ့တင်ပို့တာနဲ့စာရင် အချိန်ကုန်သက်သာမယ်။ ပညာရေး၊ ကျန်းမာ၊ လူမှုရေးအတွက် များစွာအထောက်အကူရစေနိုင်ပါတယ်ဟု မောင်းလှော်ကျေးရွာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ယခုလက်ရှိတွင် တံတားတည်ဆောက်ဆဲ ကာလဖြစ်သည့်အတွက် မင်းသန်းကျေးရွာမှ မောင်းလှော်ကျေးရွာသို့ ကူးတို့ (ဇက်) ဖြင့် သွားလာနေရပြီး မင်းသန်း - မောင်းလှော် တံတားကြီးသည် မြိတ်မြို့မှ မိုင်(၂၀)ကျော်ခန့် ကွာဝေးကြောင်း သိရသည်။

 

အဆိုပါ မင်းသန်း - မောင်းလှော် တံတားသည် အရှည်ပေ ၂၁၀၀ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေ ရှိကြောင်း၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့()က တံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ရက်နေ့မှ စတင်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တနင်္သာရီမြစ်ကို ဖြတ်ကျော်တည်ဆောက်လျက်ရှိသည့် ကျေးရွာချင်းဆက် မင်းသန်း - မောင်းလှော် တံတားစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ မင်းသန်းကျေးရွာအုပ်စုနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု()အုပ်စု၊ ကျေးရွာပေါင်း(၃၀)ရွာတို့မှ ဒေသခံပြည်သူ ()သောင်းကျော်ခန့်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို လွယ်ကူလျင်မြန်စွာ ရာသီးမရွေး၊ အချိန်မရွေး ဆက်သွယ်သွားလာနိုင်မည့်အပြင် မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့ကိုလည်း ပေါင်းကူးဆက်သွယ် အသုံးပြုသွားလာနိုင်မည်ဖြစ်သောကြောင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဒေသခံများထံမှ သိရသည်။

 

မြင့်ဦး(မြိတ်)