မြိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ထိရောက်မှုရှိစေရေး Stay at Home မြို့အဖြစ် ယနေ့မှစတင် သတ်မှတ်ဆောင်ရွက်

မြိတ် သြဂုတ် ၂၁

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း သြဂုတ် ၂၁ ရက်မှစတင်ကာ Stay at Home မြို့အဖြစ် သတ်မှတ်ကြေညာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ နေ့စဉ်များပြားလျက်ရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးမှုဖြစ်စဉ်များလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိသဖြင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများ ပိုမိုထိရောက်ရေးနှင့် ကူးစက်ဖြစ်ပွားမှုနှုန်း ကျဆင်းလာစေရန် သြဂုတ် ၂၁ ရက်မှစတင်ကာ Stay at Home မြို့အဖြစ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လိုက်လံအသိပေးကြေညာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်နေ ပြည်သူများအနေဖြင့် ယနေ့မှစတင်ကာ နေအိမ်ပြင်ပသို့ သွားလာရာတွင် သတ်မှတ်ထားသည့် အပြင်ထွက်ခွင့် လက်မှတ်ဖြင့်သာ သွားလာစေခြင်း၊ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ အပြင်ထွက်ခွင့်ပြုခြင်း၊ အရေးပေါ်ကျန်းမာရေးကိစ္စ ဖြစ်ပေါ်လာပါက အိမ်ထောင်စုတစ်စုလျှင် (၂) ဦး ထွက်ခွင့်ပြုခြင်း၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ နေအိမ်ပြင်ပသို့ သွားလာစေခြင်း၊ အပြင်ထွက်ခွာခွင့် ကတ်ပြားအား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် အချိန်မီ ဖြန့်ဝေပေးထားခြင်း၊ တာဝန်ရှိသူများမှ စစ်ဆေး မေးမြန်းသည့်အခါ အကြောင်းပြချက် ခိုင်လုံစွာ ပြောဆိုနိုင်ရမည်ဖြစ်ခြင်း စသည့် စည်းကမ်းချက်များ သတ်မှတ်ပြဌာန်းကာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်း သက်ဆိုင်ရာမှ အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ထား​ကြောင်း သိရသည်။

 

mdn

 

“ကတ်ပြားတွေမှာတော့ အမည်ပါတယ်။ တစ်အိမ်မှာ တစ်ယောက်နှုန်း ထွက်လို့ရမယ်။ ဝန်ထမ်းတွေ၊ ကုမ္ပဏီစက်ရုံ ဝန်ထမ်းတွေကတော့ ဝန်ထမ်းကတ်နဲ့ အလုပ်ဆင်းလို့ရတယ်။ ဆေးဆိုင်၊ အိမ်ဆိုင်လေးတွေ ပုံမှန်ဖွင့်ထားလို့ရတယ်။ ဈေးဝယ်ထွက်ရင် တစ်ဦးပဲ ထွက်လို့ရတာပါ။ အရေးပေါ် ဖြစ်လာရင်တော့ တာဝန်ရှိသူတွေကို တင်ပြပြီး နှစ်ဦးအထိ သွားလာလို့ရပါတယ်။ ဘယ်နေ့အထိ Stay at Home သတ်မှတ်မလဲလို့တော့ မသိရသေးပါဘူး။ သြဂုတ် ၂၁ ရက်ကစပြီး သတ်မှတ်တာတော့ ဟုတ်ပါတယ်။ ဘယ်နေ့မှာ ပြီးမလဲဆိုတော့ မသိရသေးပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ Stay at Home အစီအစဉ် ချမှတ်ကြောင်းကို တာဝန်ရှိသူများက သြဂုတ် ၁၉ ရက်နေ့ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေး ကြေညာခဲ့ပြီးနောက် ရပ်ကွက်များတွင်း နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်ပြားများ လိုက်လံဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြို့နယ်တွင် ရောဂါကူးစက်မှုမှာ သြဂုတ်လ တတိယအပတ်အထိ ရောဂါပိုးတွေ့ရှိသူ (၈၉၀၀) ကျော်ခန့်နှင့် သေဆုံးသူ (၃၇၀) ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

မြင့်ဉီး(မြိတ်)