မြိတ်မြို့၌ ကုတင် ၁၀ဝ ဆံ့ သီတဂူစက္ခုဒါန ဆေးရုံ တည်ဆောက်လျက်ရှိ

မြိတ်  ၃၀  ဇူလိုင်  


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက် စပါးရွှေဝါလမ်းရှိ ဇီဝိတဒါန သံဃာ့ဆေးရုံဝင်းအတွင်း ခုတင် (၁၀ဝ)ဆံ့ မြိတ်မြို့ သီတဂူစက္ခုဒါနဆေးရုံကို ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

1


မျက်စိဝေဒနာနှင့်ပတ်သက်သည့် ရဟန်း၊ သာမဏေ၊ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် စက္ခုဒါနဆေးရုံကို အလျား (၁၁၄) ပေ၊ အနံ(၄၅)ပေ RC နှစ်ထပ်အဆောက်အဦအဖြစ် စတင်တည်ဆောက်လျက်ရှိသည်။ 

 

1


အဆိုပါဆေးရုံကို စေတနာရှင် ရွှေနန်းတော်မုန့်တိုက်မိသားစု၊ အာရုံသစ်ဘော်ဒါ မိသားစု အပါအဝင် အလှူရှင် (၆)ဦးမှ လှူဒါန်းဆောက်လုပ်လျှက်ရှိပြီး ကျပ်သိန်း ၃၀ဝ၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အလှူရှင် ဦးမျိုးထွန်းထံမှ သိရသည်။ 

 

1


ထို့အတူ ဇီဝိတဒါန သံဃာ့ဆေးရုံ ခွဲစိတ်ဆောင် ၃၆ ပေ×ပေ ၆၀ ကို ပြန်လည်ပြင်ဆင်မွမ်းမံရန်အတွက် ဖိုးလမင်းကုမ္ပဏီမှ ကျပ်သိန်း (၃၀ဝ) လှူဒါန်း ပြုပြင်လျှက်ရှိသည်။


စက္ခုဒါနဆေးရုံ ဖြစ်မြောက်ရေးအတွက် ပထမအကြိမ် အလှူတော်ငွေလှူဒါန်းပွဲကို ဇူလိုင်လ ၂၈ ရက်တွင် လှည်းဘီးကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ပြီး အလှူငွေများလှူဒါန်းကြသည့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ 
စေတနာရှင်အလှူရှင်များ လှူဒါန်းမှု စုစုပေါင်းမှာ ကျပ်သိန်း ၁၇၀ဝ ကျော်ရရှိပြီဖြစ်ကြောင်း သိရသည်။


ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

1