မြိတ် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါး စိုက်ဧက ၁၅၃၈ ဧကအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ တစ်ဧက အထွက်နှုန်းတိုးတက်စေ ရန် ငွေကျပ် ၃၀၇ ဒသမ ၆ သန်းနှင့်ညီမျှသော သွင်းအားစုများနှင့် မျိုးစပါးများကို ဇွန် ၁၃ ရက်က မြို့နယ်သမဝါယမအသင်းစုရုံးတွင် မတည်ထုတ်ချေး ပေးအပ်သည်။
သွင်းအားစုများ မတည်ထုတ်ချေးပေးအပ်ရာ၌ မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး အာကာအောင်က အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက အသင်းသားတောင်သူများအား သွင်းအားစုများနှင့် မျိုးစပါးများ ထောက်ပံ့ ပေးအပ်ရသည့် ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးလှကြည်က အသင်းသားများ စပါးအထွက်နှုန်း တိုးတက်စေရန် မတည်ထုတ်ချေး ပေးခြင်းဖြစ်သည့်အတွက် စနစ်တကျဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှုရရှိသော မြို့နယ်အတွင်းရှိ သမဝါယမ အသင်း ရှစ်သင်းမှ အသင်းသား တောင်သူ ၂၃၆ ဦး၏ စိုက်ဧက ၁၅၃၈ ဧကအတွက် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ ငွေကျပ် ၃၀၇ ဒသမ ၆ သန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများကို မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)