မြိတ်မြို့၌  တိုင်းဒေသကြီးအဆင့် သုံးခရိုင်သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည်

မြိတ် ၁  မတ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်၊ ဘုတ်ချောင်းအတွင်းရှိ၊ မြိတ်မြို့စီးပွားရေးဇုံ၊ MFD ကုမ္ပဏီဝင်းအတွင်းရှိ သေနတ်ပစ်အားကစားကွင်း၌ တိုင်းဒေသကြီးအဆင့် သုံးခရိုင် သေနတ်ပစ်အားကစားပြိုင်ပွဲကို မေလဒုတိယပတ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းသေနတ်ပစ် အားကစားပြိုင်ပွဲကို  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်တို့မှ အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း မည်သူမဆို ၀င်ရောက်ယှင်ပြိုင်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ်အားကစား ဆပ်ကော်မတီဝင် ဉီးသူရထံမှ သိရသည်။

 

ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ် အားကစားဆပ်ကော်မတီတို့မှ ကြီးမှူး၍ကျင်းပခြင်းဖြစ်ပြီး သုံးခရိုင်သေနတ်ပစ် အားကစားပြိုင်ပွဲမှ ၂၀၂၀ ခုနှစ် ဇွန်လတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် ကျွမ်းကျင် သေနတ်ပစ် အားကစားသမားကောင်းများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

 

ယင်းပြိုင်ပွဲတွင် လေ့ကျင့်ပစ်ခတ်နိုင်မည် သေနတ်အမျိုးအစားများမှာ ဒသမ 177(4 ဒသမ 5 mm) Air pistol (ပွိုင့် ၁၇၇ လေပစ္စတို)၊ ဒသမ 177(4 ဒသမ 5 mm) Air Rifle (ပွိုင့် ၁၇၇ လေရိုင်ဖယ်)(25)မီတာ၊ ဒသမ 22 ( 5 ဒသမ 6 )Sport Pistol (ပွိုင့် ၂၂ အားကစားပစ္စတို) ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

 

ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများကို အခြေခံသေနတ်ပစ် အားကစားနည်းအား မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်၏ နိုင်ငံတကာနည်းစနစ်များအတိုင်း အခမဲ့သင်ကြား ပြသပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် ပြိုင်ပွဲမကျင်းပမီအချိန်အတွင်း လေ့ကျင့်ပစ်ခတ်နိုင်စေရန်အတွက် အမည်စာရင်းပေးသွင်းရန်နှင့် အသေးစိတ်သိရှိလိုပါက သေနတ်ပစ်ကွင်း တာဝန်ခံ၊ ဖုန်း ၀၉- ၂၆၁၉၉၇၇၃၀၊ ၀၉-၆၆၂၀၂၄၃၈၀ သို့ ဆက်သွယ်စာရင်းပေး စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)