မြိတ်မြို့နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၂၁

 

မြိတ်မြို့နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ရွှေပြည်တန်လမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်ရှိ မီးပွိုင့်အနီးတွင် ရှိုင်းကိုကိုအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် မြိတ်တောင်ရပ်ကွက် ပေါ်ဦးလမ်းသွယ်ရှိ မကေသွယ်ဖြိုး၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ၊ ဘိန်းဆီခဲ သုည ဒသမ ၂၂၆၃၃ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၂၇၄ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္က လာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သုဓမ္မာလမ်းပေါ်တွင် မောင်ခင်ဝင်း(ခ) ခင်ဝင်း အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)