မြိတ်မြို့နယ်၊တောင်ငူမြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၇

 

မြိတ်မြို့နယ်၊တောင်ငူမြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၄ ရက် ည ၉ နာရီတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ နောက်လယ် ကမ်းနားလမ်းတွင် မောင်တိုး(ခ)ဖိုးတိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၁၀ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာ သိရီမင်္ဂလာလမ်းနေ အောင်စိုးဦး နှင့် ဇနီးဖြစ်သူ မသဲမော် တို့၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းတို့အား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ တောင်ငူ-သံတောင်သွား ကားလမ်းတွင် ကျော်ကျော်(ခ)ကိုဘန်း ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၅၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံ(အရှေ့)ကျေးရွာအုပ်စု၊ ကျူရုံးကျေးရွာအနီး၊ ပင်လုံ-လဲချားသွား ကားလမ်းတွင် စိုင်းအာစိန္န(ခ)အောင်ဖူး မောင်းနှင် လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၁ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(သတင်းစဉ်)